ယခုနှစ်မိုးရာသီ ငါးသားပေါက်ကောင်ရေ သိန်း ၂၆၀ ရန်ကုန်တိုင်းဒေသကြီးတွင် စိုက်ထည့်ရန်လျာထား

ရန်ကုန်၊ ၉ ဇွန်

ယခုနှစ်မိုးရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးလုပ်ငန်းဦးစီးဌာန၏ ငါးသားပေါက်စခန်းသုံးခုမှ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ သိန်း ၂၆၀ စိုက်ထည့်ရန်လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ဆည်တမံနှင့် သဘာဝရေပြင်တို့တွင် ငါးသယံဇာတစဉ်ဆက်မပြတ် တည်တံ့စေရန်နှင့် သဘာဝရေပြင်တို့မှ ဖမ်းယူစားသောက်နိုင်ရန် နှစ်စဉ်ငါးသားပေါက်တို့ကို စိုက်ထည့်လျက်ရှိရာ ယခုနှစ်မေလနှင့် ဇွန်လတို့၌ ငါးမိုးရိပ်ရေလှောင်တမံ၊ ဖောင်ကြီးတက္ကသိုလ်အတွင်းရှိ ရေနောက်အင်း၊ ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်းဆည်တမံ၊ ဘားလားချောင်းနှင့် လှိုင်မြစ်တို့တွင် ၂ လက်မအရွယ်ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမ ငါးသားပေါက်ကောင်ရေ ၂၅ သိန်းကို စိုက်ထည့်ခဲ့သည်။

ဆက်လက်၍ ဘားလားချောင်း၊ ဘောလည်ချောင်း၊ လှိုင်မြစ်၊ ဇီးဖြူကုန်းချောင်း၊ တိုက်ကြီးမြို့နယ် သဘာဝရေပြင်နှင့်ထန်း တပင်မြို့နယ်သဘာဝရေပြင်၊ ရွှေကသစ်ချောင်း၊ သဝန်တောချောင်း၊ သမန်ကြီးအင်းချောင်း၊ မိုးမခချောင်းအပါအဝင် နေရာ ၂၉ နေရာတွင်လည်ကောင်း၊ ဖူးကြီးရေလှောင်တမံ၊ လှော်ကားရေလှောင်တမံ၊ သာဓုကန်ရေလှောင်တမံအပါအဝင် နေရာ ၆ နေရာတွင်လည်း စက်တင်ဘာလထိ ၂ လက်မအရွယ် ငါးသားပေါက်တို့ကို စိုက်ထည့်သွားမည်ဖြစ်ပြီး  ယမန်နှစ်က သဘာဝရေပြင်တွင် ၄ ရက်သား ငါးမှုန်နှင့် ၂၁ ရက်သားငါးသားပေါက်တို့ကို စိုက်ထည့်ခဲ့ရာ ယခုနှစ်တွင်လည်း ရှင်သန်ပေါက်ပွားနှုန်းမြန်သော ၂ လက်မအရွယ် ငါးသားပေါက်ကောင်ရေ သိန်း ၂၆၀ ကို နိုင်ငံတော်ကုန်ကျစရိတ်ဖြင့် စိုက်ထည့်ခဲ့ခြင်းဖြစ်သည်။

ငါးသယံဇာတ ရေရှည်တည်တံ့ဖို့အတွက် ပြည်သူတွေအနေနဲ့ တားမြစ်ထားတဲ့ ငါးဖမ်းကိရိယာတေွနဲ့ မဖမ်းဖို့၊ ဘယ်ထရီရှော့ရိုက်ဖမ်းတာ၊ အဆိပ်ချငါးဖမ်းဆီးမှုကို ရှောင်ကျင်ဖို့လိုပါတယ်။ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမှာပါ။ ဌာနအနေနဲ့ ပညာပေးဆောင်ရွက်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။ ဒီငါးသားပေါက်သုံးမျိုးကို စိုက်ထည့်ရတဲ့ ရည်ရွယ်ချက်က ငါးမြစ်ချင်းဆိုရင် တိုင်းရင်းငါးမျိုးဖြစ်ပြီးတော့ ပြည်ပပို့ကုန်လည်းဖြစ်တယ်၊ ပြီးတော့ သဘာဝရေပြင်မှာ ရှင်သန်ကြီးထွားနှုန်းလည်းကောင်းတယ်။ ကျန်တဲ့ရွှေဝါငါးကြင်းနဲ့ ငါးခုံးမဟာလည်း ဈေးကွက်ဝင် စားသောက်ကုန်ဖြစ်တဲ့အတွက် နှစ်စဉ်ငါးမျိုးစိုက်ထည့်နေပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးတင်ထွဋ်က ပြောကြားသည်။

နိုင်ငံ၏လူဦးရေ နှစ်စဉ်တိုးပွားလာမှုတွင် နေ့စဉ်စားသုံးလျက်ရှိသည့် စားသောက်ကုန်တို့၌ ရေထွက်ပစ္စည်းကို ပိုမိုစားသုံးလာလျက်ရှိရာ ထုတ်လုပ်မှုနှင့် စားသုံးမှုဟန်ချက်ညီစေရန်နှင့် ငါးသယံဇာတ လုံလောက်စွာရရှိနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ နှစ်စဉ်နိုင်ငံတစ်ဝန်းတွင် ငါးသားပေါက်တို့ကို စိုက်ထည့်လျက်ရှိပြီး ငါးသယံဇာတစဉ်ဆက်မပြတ် လည်ပတ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ပုဂ္ဂလိကရေချိုမွေးမြူရေးကန်များကလည်း နှစ်စဉ်မွေးမြူထုတ်လုပ်လျက်ရှိသည်။ ယခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ ငါးသားပေါက်ကောင်ရေ ၁၀၁၂ ဒသမ ၀၇၅ သိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ထည့်သွားမည်ဖြစ်ပြီး ရေထွက်ကုန်စားသုံးမှုများသော ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂ လက်မအရွယ် ငါးသားပေါက်ကောင်ရေ သိန်း ၂၆၀ စိုက်ထည့်ရန် လျာထားကြောင်း သိရသည်။

ညိမ်းသူ

ဓတ်ပုံ- ကနူး

mdn