ယခုနှစ်စီစဉ်ထားသည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ကျင်းပမည့်ရက် ပြန်လည်အတည်ပြုမည်

နေပြည်တော်   မေ   ၁၁

အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့်အာရှဖလား အမျိုးသမီးခြေစစ်ပွဲကျင်းပမည့်ရက်များအား ပြန်လည်အတည်ပြု ထုတ်ပြန်မည်ဖြစ်သည်။ အာရှဘောလုံး အဖွဲ့ချုပ်သည် ယခုနှစ်အတွင်း အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲသုံးခု ကျင်းပရန် စီစဉ်ထား ခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် ၂၀၂၂ ခုနှစ်၌ ကျင်းပမည့် အာရှဖလား အမျိုးသမီးဘောလုံး ပြိုင်ပွဲ သုံးခု၏ ခြေစစ်ပွဲများကို ယခု နှစ်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ကျင်းပမည့်ရက်များအား ပြန်လည်အတည်ပြုမည်ဖြစ် သည်။ အာရှဘောလုံး အဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်၊ ၂၀၂၂ အာရှဖလား ယူ-၁၇ အမျိုးသမီး ခြေစစ်ပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့် ပွဲစဉ်များကို ယခုနှစ်အတွင်းပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ လက်ရွေးစင်အသင်းများ၏ ပြိုင်ပွဲဖြစ်သည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲကို မေ ၂၇ ရက်တွင် မလေးရှား နိုင်ငံ၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်း လိုက်ပြီဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က မေ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိအနေအထားအရ ခြေစစ်ပွဲကျင်းပမည့်ရက်၊ ကျင်းပမည့် ပုံစံနှင့် အုပ်စုမဲခွဲပွဲ ပြုလုပ်မည့်ရက်တို့ကို ထပ်မံကြေညာသွားမည်ဖြစ်သည်။

ထို့ပြင် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှင့် အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ကျင်းပမည့်ရက်နှင့် ခြေစစ်ပွဲအုပ်စု မဲခွဲပွဲပြုလုပ်မည့် အစီအစဉ်များကို ထပ်မံကြေညာ သွားမည်ဖြစ် ကြောင်း သိရသည်။

ယင်းခြေစစ်ပွဲ သုံးခုစလုံးတွင် မြန်မာအသင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ခြေစစ်ပွဲကျင်းပမည့် ကာလအပေါ် မူတည်၍ ပြင်ဆင်မှုများ ပြုလုပ်သွားဖွယ်ရှိနေသည်။ နောက်ဆုံး ကျင်းပခဲ့သည့် ၂၀၁၈ အာရှဖလား အမျိုးသမီးခြေစစ် ပွဲနှင့် ၂၀၁၉ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ တို့တွင် မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့ဘဲ ၂၀၁၉ အာရှဖလား ယူ-၂၀ ပြိုင်ပွဲတွင်သာ ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

သတင်း - ရဲရင့်လွင်၊ ဓာတ်ပုံ - AFC