ယခုနှစ်အတွက် ဆန်တင်သွင်းခွင့်ပါမစ် စောင့်ဆိုင်းနေ၍ တရုတ်သို့ ဆန်တင်ပို့မှု ရပ်ဆိုင်းနေသော်လည်း ဆန်ကွဲမှာမူ နေ့စဉ် အိတ်ရေ ၃၀၀၀၀ ခန့် တင်ပို့လျက်ရှိ

ရန်ကုန်၊ ၁၂ ဇန်နဝါရီ  

ယခုနှစ်အတွက် ဆန်တင်သွင်းခွင့်ပါမစ် စောင့်ဆိုင်းနေ၍ တရုတ်သို့ ဆန်တင်ပို့မှု ရပ်ဆိုင်းနေသော်လည်း ဆန်ကွဲမှာမူ နေ့စဉ် အိတ်ရေ ၃၀၀၀၀ ခန့် တင်ပို့လျက်ရှိကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပြသည်။

ပြီးခဲ့သည့်နှစ်အတွက် ထုတ်ပေးသည့် ဆန်တင်သွင်းခွင့်ပါမစ်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်သောကြောင့် တရုတ်သို့ ဆန်ရောင်း၀ယ်မှု လုံး၀ရပ်ဆိုင်းနေပြီး ယခုနှစ်အတွက် ချပေးမည့် ပါမစ်ကို စောင်းဆိုင်းနေကြောင်း၊ ထို့ကြောင့် မူဆယ်သို့ ဆန်၀င်ရောက်မှုမှာလည်း ရပ်ဆိုင်း နေပြီး လာမည့် ဖေဖော်ဝါရီလဆန်းမှသာ ဆန်များ ပြန်လည်၀င်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

ဆန်ကွဲမှာမူ တင်သွင်းခွင့်ပါမစ်မလိုဘဲ ပြည်တွင်းအခွန်ဆောင်ကာ တင်ပို့၍ရသောကြောင့် မူဆယ်သို့ နေ့စဉ် အိတ်ရေ ၃၀၀၀၀ ခန့် အ၀င်ရှိပြီး တရုတ်သို့လည်း နေ့စဉ် အိတ်ရေ ၃၀၀၀၀ ခန့် ပြန်လည်တင်ပို့ နေရကြောင်း  သိရသည်။

“ဆန်ဈေးကွက်အခြေအနေကို ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်က ၂၀၂၀ ဆန် ပါမစ် သက်တမ်းကုန်သွားပြီ။ ဒါ့ကြောင့် တရုတ်ပြည်ကို ဇန်နဝါရီ ၁ ရက်ကစပြီး ဆန်က ၀င်လို့မရဘူး။ ဆန်ကွဲ ကတော့ ပါမစ် မလိုဘူး။ ပြည်တွင်းအခွန်ပဲ ဆောင်လို့ရတယ်။ ဒါ့ကြောင့် ဆန်ကွဲကတော့ အဆက်မပြတ် ၀င်ပါတယ်”ဟု ဦးမင်းသိန်းက ပြောသည်။

ထို့ပြင် ဆန်ကွဲဈေးနှုန်းမှာလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် တစ်အိတ်လျှင် မူဆယ် အထိုင်ဈေး တရုတ်ငွေ ယွမ်  ၁၃၀ ရှိသော်လည်း ယခုနှစ်ဆန်းပိုင်းတွင်မူ တစ်အိတ်လျှင် တရုတ်ငွေ ၁၂၆ ယွမ်အထိ ကျဆင်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

“ဆန်ကွဲက ဈေးနည်းနည်းကျသွားတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်တုန်းက ဆန်ကွဲ တစ်အိတ်ကို မူဆယ်ဈေး တရုတ်ငွေ ယွမ် ၁၃၀ ရှိတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ၁၂၆ ယွမ်လောက်ပဲရှိတယ်။ တရုတ်ငွေ ၄ ယွမ်လောက် ကျသွားတယ်။ မြန်မာကျပ်ငွေ ၈၀၀ လောက်ကျသွားတယ်”ဟု  ဦးမင်းသိန်း က ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်အတွက် ပါမစ်အသစ်များကိုလည်း ဇန်နဝါရီလထဲတွင် ချထားပေး မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ထက် ကုမ္ပဏီများကို ပါမစ်များ ပိုမိုချထားပေးနိုင်ကြောင်း ဆန်ကုန်သည် များက ခန့်မှန်းထားသည်။

လက်ရှိ ဘဏ္ဍာနှစ် သုံးလအတွင်း(၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အတွင်း) ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၅၂၀၀၀၀ ကျော် တင်ပို့ထားပြီး ယင်းတင်ပို့မှုအနက် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၄၀၀၀၀၀ ကျော် တင်ပို့ထားကြောင်း သိရသည်။

ငြိမ်းငြိမ်း