ယခုနှစ် ရာသီပေါ်မင်းကွတ်သီး အထွက်နှုန်း နည်းပြီး အသီးသေး၍ ဈေးကောင်းမရ

သုဝဏ္ဏဝတီ ၂၃ ဇွန်

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီးရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံဖြစ်သော မင်းကွတ်သီးသည် ယခုနှစ်အသီးပေါ်ချိန်၌ အသီးနည်းပြီး အလုံးသေး၍ ဈေးမရရှိကြောင်းနှင့် ယခင်နှစ်ထက် အသီးအထွက်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

 

“ဒီနှစ် မင်းကွတ်သီးက ပုံမှန်ဈေးပါပဲ၊ အသီးမှာ ပန်းရောင်အစက်လေး (သပြေရောင်) ရှိရင် ခူးလို့ရပြီ၊ တစ်ရက်ခြား တစ်ခါခူးရတယ်၊ မခူးရင်လည်း မရဘူး၊ အမှည့်လွန်ရင် ကျွေကျသွားမယ်လေ၊ ရသလောက် ခူးရောင်းရတယ်၊ အိမ်စရိတ်တော့ ရပါတယ်” ဟု ဝင်းပကျေးရွာမှ ခြံထွက် မင်းဂွတ်သီးရောင်းသူတစ်ဦးက ပြောသည်။

 

ဒညင်းကုန်းကျေးရွာမှ သစ်သီးအဝယ်ဒိုင်ဖြစ်သူ မနန်နန်က “အသီးနည်းလို့ နယ်အရောင်း သိပ်မရှိပါဘူး၊ ဒီမှာဘဲ ရောင်းရတာများတယ်၊ ရန်ကုန်၊ မိတ္ထီလာ၊ တောင်ကြီး၊ အောင်ပန်းမြို့တွေက ဖုံးဆက်မှာယူလာရင် ကားသမားတွေနဲ့ ကားခညှိနှိုင်းပြီး ဂေါင်သီး၊ အကြီးသီး၊ အလတ်သီး၊ အသေးသီး   ရွေးချယ်၍ သူ့ဈေးနှုန်းအလိုက် အရောက်ပို့ပေးပါတယ်၊ သူက ကုန်ပုပ်လေ၊ သူ့ရာသီအချိန်မှာ နေ့တိုင်းဝယ်ရတာ၊ မကုန် ကုန်အောင် ရောင်းရတဲ့အတွက် ဈေးရတဲ့အခါလဲ ရှိ၊ မရတဲ့အခါလဲ ရှိပါတယ်၊ သောင်းပြောင်းဈေး တစ်လုံး ကျပ် ၅၀ ရှိပါတယ်၊ အသီးနည်းတော့ မနှစ်ကထက် ဒီနှစ်မှာတော့ ဈေးမှန်နေပါတယ်” ဟု ပြောသည်။

 

ပြည်နယ်၏ ဒေသထွက်ကုန် ရာသီပေါ်သီးနှံများဖြစ်သည့် မင်းကွတ်၊ ဒူးရင်းပင်များသည် ဒေသတွင်းစိုက်ပျိုးမှု နည်းပါးလာသည်နှင့်အမျှ ရှိပြီးသားအပင်များ ပျက်စီးသေဆုံးမှုများ ရှိနေသောကြောင့် သီးနှံထွက်ရှိမှု နည်းပါးလာကြောင်း သိရသည်။

 

ခွန်(ဝင်းပ)