ယခုနှစ် Myanmar Idol တွင် ဆုရသူအား ဆုငွေကျပ်သိန်း ၅၀ဝ နှင့် တစ်ကိုယ်တော်စီးရီး ထုတ်ပေးမည်

၁၅  ဇွန်

ယခုနှစ် စက်တင်ဘာလအတွင်း စတင်ကျင်းပတော့မည့် Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲကြီးတွင် Winner  ဆုရရှိသူအား ဆုငွေ ကျပ်သိန်း ၅၀ဝ နှင့်အတူ တစ်ကိုယ်တော်စီးရီးစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအတွက် အသံစစ်ဆေးမှုများကို ဇွန်လအတွင်းမှစ၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူနှင့် ဘားအံမြို့တို့တွင် မြို့အလိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်

ပြိုင်ပွဲကို စီစဉ်ကျင်းပသည့် Moon Myanmar Media မှ အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းမောက်လောက်ဆိုင်ဝ်က ကျွန်မတို့ရဲ့ Myanmar Idol  ပြိုင်ပွဲကြီးကို နှစ်တိုင်းကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များနဲ့အတူ ပူးပေါင်း ပါဝင်ပေးကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ကြောင်း ပထမဆုံးပြောကြားလိုပါတယ်၊ Myanmar Idol Season 4 ပြိုင်ပွဲကို စက်တင်ဘာလမှာ စတင်မှာပါ၊ ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့်သူတွေရဲ့ အသံစစ်ဆေးမှုတွေကို ဇွန်လ ဒုတိယပတ်မှာ စတင်မှာဖြစ်ပြီး ဇူလိုင်လအထိ မြို့ ကြီးငါးမြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူနဲ့ ဘားအံမြို့တွေမှာ ကျင်းပသွားမှာပါ၊ ဒီနှစ်မှာတော့ Winner ဆုကို ဆုငွေ ကျပ်သိန်း ၅၀ဝ ဆုချမှာဖြစ်လို့ အသက်လည်းပြည့်မီပြီး စည်း ကမ်းချက်နဲ့လည်း ကိုက်ညီတဲ့ ဂီတဝါသနာရှင်တွေကို Season 4 မှာ လာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်ဟု ပြောသည်။

ခုနှစ်ပြိုင်ပွဲတွင် ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်မည့် အဆိုတော် ဦးအောင်ကိုလတ်က ကျွန်တော်တို့ မြန်မာလူမျိုးတွေက သီချင်းဆိုတာ ကောင်းကြတယ်၊ ကျွန်တော်တို့လည်း ဒီလို ပုံစံမျိုးနဲ့ စခဲ့တာဆိုတော့ ကျွန်တော့်အနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Top Ten ကို အတတ်နိုင်ဆုံး ရွေးပေးနိုင်မယ်ထင်ပါတယ်၊ Season 4 မှာတော့ မြန်မာတစ်ပြည်လုံးလည်း ပိုပြီးတက်ကြွလာမယ်ဆိုတာ သိတဲ့အတွက် ကျွန်တော်တို့လည်း စိတ်လှုပ်ရှားတယ်။ အနုပညာဆိုတာကတော့ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရာထူးကြီးတာ၊ ပညာတတ်တာနဲ့ မဆိုင်ပါဘူး။ ဘယ်သူမဆို တကယ့်အနုပညာ သန်စွမ်းလာရင် သူ့ကို ကျွန်တော်တို့က ရွေးထုတ်သွားမှာပါပဲ၊ မြန်မာပြည်အတွက် အကောင်းဆုံး Idol တွေ ရလာမယ်လို့ မျှော်လင့်ပါတယ်ဟု ပြောသည်။

အခြားဒိုင်တစ်ဦးအဖြစ် ပါဝင်အကဲဖြတ်ပေးမည့် အဆိုတော် တင်ဇာမော်ကလည်း ကျွန်မအနေနဲ့ ပြိုင်ပွဲဝင်တွေကို မှာချင်တာလေးနဲ့ ပတ်သက်ပြီးပြောရရင် အကဲဖြတ်တဲ့အခါမှာ သူ့ရဲ့ပင်ကိုအသံ၊ ပင်ကိုဖန်တီးမှုစွမ်းအားကိုကြည့်ပြီး ဆုံးဖြတ်တာပါ၊ ဆုံးဖြတ်တဲ့နေရာမှာ ဒိုင်တွေက အကြိုက်မတူတာမျိုးတွေ ရှိကြပါတယ်၊ ခေတ်ပေါ်နဲ့ပဲပြိုင်ပြိုင်၊ မြန်မာသံစဉ်နဲ့ပဲ ပြိုင်ပြိုင်၊ အင်္ဂလိပ်လိုပဲပြိုင်ပြိုင် သူ့ရဲ့ မူရင်းရှိတဲ့အသံကိုပဲ ကြည့်ပြီး ဆုံးဖြတ်ပေးကြတာပါဟု အကြံပြု ပြောကြားသည်။

ယခုနှစ် ပြိုင်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးမှ ရွက်ပုန်းသီး ဂီတဝါသနာရှင်များ ပါဝင်လာနိုင်စေရန် ရည်ရွယ်၍ အသံစစ်ဆေးမှုများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူနှင့် ဘားအံမြို့ ကြီးများတွင် ကျင်းပမည့်အပြင် ကလော၊ ပင်းတယ၊ မိတ္ထီလာ၊ ရွှေဘို၊ မုံရွာ၊ ပျဉ်းမနား၊ ပြည်၊ မော်လမြိုင်နှင့် ပုသိမ်စသည့် မြို့များသို့လည်း Mobile Casting များဖြင့် သွားရောက်၍ အသံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း