၁၆ အောက်တိုဘာ

 

ကြိုးကြာအသိုက်စာရင်းကောက်ယူမှုလုပ်ငန်းများကို ၂၀၂၀ ခုနှစ် မျိုးပွားရာသီအတွင်း ဧရာဝတီတိုင်း ဒေသကြီးရှိ၊ မအူပင်နှင့် ဝါးခယ်မမြို့နယ်များတွင် အဓိကထားပြီး လုပ်ဆောင်လျက်ရှိရာ ယခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးပွားရာသီတွင် စုစုပေါင်း အသိုက် (၁၁၅)သိုက်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း WCS-Myanmar မှ သိရသည်။

 

ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မအူပင်မြို့နယ်တွင် အသိုက် (၁၉) သိုက် နှင့် ထိုအသိုက်များမှအကောင်ပေါက် (၃) ကောင်၊ ဝါးခယ်မမြို့နယ်တွင် (၉၆) သိုက် နှင့် ထိုအသိုက်များမှ အကောင်ပေါက် (၅၇) ကောင်ကို စာရင်းကောက်ယူ မှတ်တမ်းတင်နိုင်ခဲ့ကြောင်းနှင့် ထိုသို့အသိုက် စာရင်းကောက်ယူမှုများကို ဒေသခံများ၊ ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေး အဖွဲ့များနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီစဉ်)တို့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၂၀၂၀ ခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးစိတ်များ၏ မျိုးပွားရာသီတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုများကြောင့် သြဂုတ်လအတွင်း ရက်အနည်းငယ်မှအပ ကွင်းဆင်းလုပ်ငန်းများကို အပြည့်အဝ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်း ဒေသခံများနှင့် ချိတ်ဆက်မှုများ အမြဲမပြတ် ဆောင်ရွက်လျက်ရှိကာ အထူးသဖြင့် ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့်ပူးပေါင်းပြီး ကြိုးကြာခေါင်းနီငှက် အသိုက်စာရင်းကောက်ယူမှု လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း WCS-Myanmar တွင် ဖော်ပြထားသည်။

 

MDN

 

mdn