ယခင်ဈေးနှုန်းအတိုင်း တွစ်တာကိုဝယ်ယူရန် အီလွန်မက်စ် ကမ်းလှမ်း

နယူးယောက် အောက်တိုဘာ ၆

 

ဘီလျံနာသူဌေးကြီး အီလွန်မက်စ်သည် ဆိုရှယ်နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် တွစ်တာကို ယခင်သဘာတူထားသည့် ဈေးနှုန်း ဖြစ်သည့်  ၄၄ ဘီလီယံ  ဒေါ်လာဖြင့်  ဝယ်ယူမည်ဟု ပြောကြားခဲ့သည်။

 

အီလွန်မက်စ်နှင့် တွစ်တာတို့သည် ဧပြီလအတွင်း စည်းကမ်းသတ်မှတ်ချက်များအတိုင်း  လုပ်ဆောင်ခဲ့ပြီး  အစုရှယ်ယာတစ်စု လျှင် ၅၄ ဒသမ ၂၀ ဒေါ်လာ  ရင်းနှီးမြှုပ်နှံသူများကိုပေးရန် ရည်ရွယ်ခဲ့သည်။

 

သို့သော်လည်း ဇူလိုင်လအတွင်း  တက်စ်လာကုမ္ပဏီမှ  စီအီးအိုဖြစ်သူ အီလွန်မက်စ်သည် ယင်းသဘောတူညီချက်မှ သွေဖည်သွားရန် တစ်ဖက်သတ်ကြေညာခဲ့သည်။ တွစ်တာကုမ္ပဏီမှ ရှယ်ယာများ ရုတ်တရက်ထိုးကျသွားသည့်အတွက်  ယင်းသို့  ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တွစ်တာ၏ ဈေးကွက်တန်ဖိုးမှာ အကောင့်တုများအပေါ်တွင် တစ်စိတ်တစ်ပိုင်း မှီခိုနေပြီး အမှန်တကယ် ကိန်းဂဏန်းတန်ဖိုးမှာလည်း ကုမ္ပဏီမှ တင်ပြထားသည်ထက်ပို၍ များပြားကြောင်း အီလွန်မက်စ်က ပြောသည်။

 

အဆိုပါပြောဆိုချက်နှင့် ပတ်သက်ပြီး အီလွန်မက်စ်ဘက်မှ အချက်အလက်များ သက်သေပြနိုင်ခြင်းမရှိချေ။  ရလဒ်အနေဖြင့် မူလကမ်းလှမ်းထားမှုအတိုင်းသာ ပေးချေသွားရန်  တွစ်တာက မက်စ်ကို တရားစွဲဆိုခဲ့သည်။ 

 

အီလွန်မက်စ်သည် မူလက သဘောတူထားသည့် ဈေးနှုန်းအတိုင်း ဝယ်ယူသွားရန် တွစ်တာကုမ္ပဏီထံ  စာရေးသားခဲ့သည်ဟု အမေရိကန်မီဒီယာများက အောက်တိုဘာ ၄ ရက်က ဖော်ပြခဲ့ကြသည်။ တွစ်တာကုမ္ပဏီဘက်မှလည်း အီလွန်မက်စ်အဖွဲ့ထံမှ စာလက်ခံရရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။  

 

အင်န်အိတ်ချ်ကေ