ဝါရှင်တန် မတ် ၁၆
ယီမင်နိုင်ငံရှိ အစိုးရဆန့်ကျင်ရေးဟူသီအဖွဲ့များအား တိုက်ခိုက်ရန် အမေရိကန်တပ်မတော်အား အမိန့်ပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မတ် ၁၅ ရက်တွင် ပြောကြားသည်။ အဆိုပါဗုံးကြဲတိုက်ခိုက်မှုသည် ယခုအချိန်အထိ သမ္မတထရမ့်၏ ဒုတိယသက်တမ်းအတွက် အထင်ရှားဆုံးသော စစ်ရေးလှုပ်ရှားမှုဖြစ်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းဖော်ပြသည်။
ဟူသီများသည် အကြမ်းဖက်ဝါဒကို လက်ကိုင်ထားကာ အမေရိကန်သင်္ဘောများ၊ လေယာဉ်များနှင့် ဒရုန်းများကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိကြောင်း သမ္မတထရမ့်က ပြောကြားသည်။ အလားတူ အမေရိကန်တပ်မတော်သည် ယီမင်မြို့တော် ဆာနာကို တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃၁ ဦး သေဆုံးပြီး ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီများ က ပြောကြားသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ခြင်းမပြုရန် အစ္စရေး အစိုးရက တားမြစ်ထားသည့်အတွက် ပင်လယ်နီအတွင်း သွားလာနေသော အစ္စရေးသင်္ဘောများကို တိုက်ခိုက်မှုများ ပြန်လည်စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီများက မတ် ၁၁ ရက်တွင် ကြေညာသည်။
အီရန်အနေဖြင့် ဟူသီအဖွဲ့အား ထောက်ပံ့မှုကို ချက်ချင်းရပ်တန့်ရန်နှင့် ဟူသီအဖွဲ့က အမေရိကန် ပြည်သူများအား ခြိမ်းခြောက်လာပါက အီရန်က အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အားပြောကြားသည်။
မကြာသေးမီက သမ္မတထရမ့်သည် အီရန်၏ နျူကလီးယား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများလုပ်ဆောင်ရန် အီရန်ထံ ပေးစာတစ်စောင်ပေးပို့ခဲ့ကြောင်း သိရသည်။
ယီမင်နိုင်ငံရှိ ဟူသီများကို တိုက်ခိုက်ခြင်းသည် နျူကလီးယားဆွေးနွေးပွဲများကို သဘောတူရန် အီရန်အားဖိအားပေးရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူများက ဆိုသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်