ယီမင်နိုင်ငံအတွက် စိုးရိမ်ပေမယ့် ဆော်ဒီနိုင်ငံကို ဗြိတိန်နိုင်ငံမှ လက်နက်ပြန်လည်ရောင်းချမယ်

၈ ဇူလိုင်

 

ဗြိတိန်နိုင်ငံက ဆော်ဒီအာရေးဗီးယားနိုင်ငံကို လက်နက်ပြန်လည်ရောင်းချမယ်လို့ ဗြိတိန်နိုင်ငံက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

 

အိမ်နီးချင်း ယီမင်နိုင်ငံကို ဆော်ဒီက ဗုံးကျဲခဲ့တဲ့အတွက် ဗြိတိန်တရားရုံးကနေ ဆော်ဒီကို လက်နက်ရောင်းချခြင်းမပြုအောင် မနှစ်က အမိန့်ချလိုက်ပါတယ်။

 

နိုင်ငံတကာလူအခွင့်ရေးဆိုင်ရာဉပဒေ (IHL) ကို ချိုးဖောက်ပြီး ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီက လက်နက်တွေကို သုံးစွဲသလား မသုံးစွဲဘူးလားဆိုတာ မသိတဲ့အတွက် နိုင်ငံတော်တရားရုံးကနေ ဗြိတိန်အစိုးရအား ဆော်ဒီကို လက်နက်ရောင်းချခြင်း ရပ်ဆိုင်းရန် ၂၀၁၉ ခုနှစ် ဇွန်လက အမိန့်ချခဲ့ပါတယ်။

 

ယီမင်ပြည်တွင်းစစ်မှ လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီး ကုလသမဂ္ဂက လူအခွင့်ရေးချိုးဖောက်မှု အခံရဆုံးဖြစ်စဉ်အနေနဲ့ ပြောဆိုထားပါတယ်။

 

ဆော်ဒီနိုင်ငံက နိုင်ငံတကာလူအခွင့်ရေးဆိုင်ရာဉပဒေ (IHL) အတိုင်း လက်နက်ဝယ်တာဖြစ်တဲ့အတွက် ဆော်ဒီနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမယ့် လိုင်စင်ကို ပြန်လည်အသက်ဝင်စေတာဖြစ်ကြောင်း နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး လစ်ထရက်စ်က ပြောပါတယ်။

 

ဗြိတိန်အစိုးရက ဆော်ဒီနဲ့ သူ့မဟာမိတ်တွေကို လက်နက်တင်ပို့ရောင်းချတဲ့ လိုင်စင်ကို ပြီးခဲ့တဲ့နှစ် ဇွန် ၂၀ ကတည်းက တားမြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုင်စင် ပြန်ဖွင့်ပေးရန် လ အနည်းငယ်ကြာနိုင်ကြောင်း ဝန်ကြီးက ဆက်ပြောပါတယ်။

 

MDN

ကိုးကား - AFP