ဝန်းသို ၂၂ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် Mask နှာခေါင်းစည်းတပ်ဆင်မှု အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၄ နာရီအချိန်၌ တာဝန်ရှိသူများက မြို့ပေါ် လူစည်ကားရာနေရာများတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးမြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှုး ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်လူစည်ကားရာ လမ်းဆုံလမ်းခွနေရာများတွင် လမ်းသွားလမ်းလာ ပြည်သူများ Mask တပ်ဆင်မှု ရှိ မရှိ စစ်ဆေးပြီး Maskတပ်ဆင်မှုမရှိပါက အဝတ်နှာခေါင်းစည်း Mask တပ်ဆင်ပေးခြင်း ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပိုစတာများစိုက်ထူးခြင်း၊ မီးသတ်ယာဉ်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာရာတွင် Mask နှာခေါင်းစည်းတပ်ဆင် သွားလာစေရေးအတွက် အသိပညာပေး စည်းရုံးလုံ့ဆော်ခြင်းများကို အသိပညာပေး ကာလသတ်မှတ်ကာ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ယခုလ ၂၂ ရက်နေ့မှစတင်၍ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာရာတွင်ပါးစပ် /နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသူများအား ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


