ဝန်းသိုမြို့နယ် ထန်းတပင်ကျေးရွာတွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေးခြင်းနှင့် မြစိမ်းရောင်စီမံကိန်းချေးငွေပြန်လည် ထုတ်ချေးပေးခြင်းလုပ်ငန်းဆောင်ရွက်

ဝန်းသို၊   ၂၀   ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် ထန်းတပင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်အကြောင်း အသိပညာပေးခြင်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆဋ္ဌမအကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်က ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးတင့်ဆွေက စွန့်ပစ်အမှိုက်များအား သဘာဝ မြေဆွေးပြုလုပ်သုံးစွဲနိုင်ရေးနှင့် သစ်ရွက်ဆွေးများမှ လယ်ယာမြေများတွင် မြေဩဇာအဖြစ်အသုံးချပုံ အကြောင်းကို လည်းကောင်း၊ နမ်းခမ်းတိုက်နယ် ကျေးလက်ကျန်းမာရေးဌာန၊ ကျန်းမာရေးမှူး ဒေါ်နုနုတင်က တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ဖြစ်ပွားတတ်သောရောဂါများအကြောင်းကို လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ ဆောင်ရွက်ပုံနည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ ရွာလုံးကျွတ် စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်ပွဲကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ပြီးနောက် ထန်းတပင်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆဋ္ဌမအကြိမ်ချေးငွေ ထုတ်ချေးပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် အသင်းဝင်(၉၄)ဦးကို ချေးငွေကျပ် (၃၅၁)သိန်း၊ အသေးစားရောင်းဝယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် အသင်းဝင်(၁၂)ဦးကို ချေးငွေကျပ် (၄၉)သိန်း စုစုပေါင်းအသင်းဝင် (၁၀၆)ဦးအတွက် ချေးငွေကျပ်သိန်း(၄၀၀) တိတိကို ချေးယူသူလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ် ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မြိုင်(ပြန်/ဆက်)