ဝန်ကြီးချုပ် ဦးဝင်းသိန်း ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ထန်းတပင် ၁၉ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာ၊ နှင်းယွန်းဇေတဝန် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇရပ်ကြီးကျေးရွာ နှင်းယွန်းဇေတဝန်ကျောင်း ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကျောင်းအတွင်းရှိ ရှေးဟောင်းရုပ်ပွားတော်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆင်စွယ်ဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်း ကမ္မဝါစာတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်သည် ဒေသခံများနှင့်တွေ့ဆုံပြီး အမှာစကားပြောကြားကာ လူထုတွေ့ဆုံပွဲများသည် ပြည်သူများနှင့် အစိုးရကြား၊ ပြည်သူများနှင့် ဌာနဆိုင်ရာများကြား ကြုံတွေ့နေရသည့် အခက်အခဲများကို မိသားစုအသွင်အသဏ္ဌာန်ဖြင့် ပွင့်လင်းရိုးသားစွာ ပြောဆိုကြသည့် မိသားစုစကားဝိုင်း တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဇရပ်ကြီးကျေးရွားအား မြို့အဖြစ် အဆင့်မြှင့်တင်ပေးရန်၊ မီးသတ်အဆောက်အဦ တည်ဆောက်ပေးရန်၊ ကင်မွန်းခြုံကျေးရွာတွင် ဆေးပေးခန်းမြေနေရာရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊  (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန်နှင့် လက်ရှိဆေးရုံအတွင်း ပျက်စီးနေမှုများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ဇရပ်ကြီးကျေးရွာ ဘုံမြေပေါ်ရှိ စာကြည့်တိုက်အဆောက်အဦအား ကျေးရွာပိုင်စာကြည့်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ပေးရန်၊ သမပိုင်မြေနေရာကို ကျေးလက်ဆေးပေးခန်း မြေနေရာအဖြစ် ထားရှိပေးရန်တို့ တင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။

 

တွေ့ဆုံပွဲသို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဇရပ်ကြီးကျေးရွာအုပ်စု၊ ကင်းမွန်းချုံကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာအုပ်စု၊ ကျီတော်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ စုစုပေါင်း (၃၀ဝ) ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)