ဝင်ငွေကောင်း တွက်ခြေကိုက်သည့် ပြောင်းဖူးစိမ်း (ခေါ်) သကြားပြောင်းများ တောင်သူများတိုးချဲ့စိုက်ပျိုးလာ

နမ့်ခမ်း ၂၄ ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ဝှမ်းဒေသတွင် တောင်သူများက ပြောင်းဖူးစိမ်း (ခေါ်) သကြားပြောင်းသီးနှံများ ဈေးကောင်းရရှိသည့်အတွက် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

ပြောင်းဖူးစိမ်းသည် တစ်ဧကစိုက်ပျိုးလျှင် အဖူးအလေးချိန် သုံးတန် (ခေါ်) သုံးထောင်ကီလိုဂရမ် ထွက်ရှိနိုင်ပြီး သက်တမ်းသုံးလခွဲအချိန်တွင် အောင်ရေပြည့် မနုမရင့် အဖူးများ ခူးဆွတ်ရောင်းချနိုင်သော စပ်မျိုးပြောင်းဖူးဖြစ်သည်။ ပြောင်းဖူးခူးဆွတ်ပြီး ကျန်ရှိသော အပင်များကိုလည်း ဒေသတွင်းရှိ နွားမွေးမြူရေးခြံများ၊ ခိုင်းရန် ကျွဲ၊ နွား တစ်ပိုင်တစ်နိုင် မွေးမြူသူများတို့က တိရစ္ဆာန်အစာအဖြစ် လာရောက်ဝယ်ယူသည့်အတွက် အပိုဝင်ငွေရရှိစေသည်။ ပြောင်းဖူးများကို တရုတ်နိုင်ငံမှ ပြောင်းဖူးအဝယ်ဒိုင်များထံသို့ တောင်သူများကိုယ်တိုင် သွားရောက်ရောင်းချရ၍ နိုင်ငံခြားဝင်ငွေရရှိစေသည့် စိုက်ပျိုးသီးနှံဖြစ်သည်။

ယခုနှစ် ဒီဇင်ဘာ တတိယပတ်တွင် ပြောင်းဖူးများ စတင်ခူးဆွတ် ရောင်းချရပြီး ဒေသအခေါ် တစ်တန် (၁၀၀၀ ကီလိုဂရမ်) အလေးချိန်မှာ တရုတ်ယွမ်ငွေ ၄၀၀၀ (မြန်မာငွေ ရှစ်သိန်းငါးသောင်းကျပ်ခန့်) ဈေးကောင်းရရှိသည်။ အဖူးသေးငယ်သောပြောင်းကို ယွမ် ၃၀၀၀ အထက် ဈေးအမျိုးမျိုး ရောင်းချနိုင်ကြောင်း ဒေသခံပြောင်းစိုက်တောင်သူများတို့ထံမှ သိရှိရသည်။

နမ့်ခမ်းမြို့နယ် ကုန်းဆာကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးစိုင်းအိုက်ယီက မနှစ်က ကျွန်တော် တစ်ဧကခန့် စိုက်ပျိုးခဲ့ရာ ပြောင်းဖူးအလေးချိန် သုံးတန်ခန့်ရရှိပြီး ယွမ် ၂၈၀၀ ဈေးနှုန်းဖြင့် ရောင်းချခဲ့ကာ တရုတ်ယွမ်ငွေ ၈၄၀၀ မြန်မာငွေ တစ်ဆယ့်ရှစ်သိန်းကျော် ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် သုံးဧကကျော်ကို နှစ်ချိန်ခွဲ၍ တိုးချဲ့စိုက်ပျိုးထားပြီးဖြစ်ကြောင်း ပြောပြခဲ့သည်။

နမ့်ခမ်းမြို့နယ် နောင်မကျေးရွာမှ တရုတ်နိုင်ငံရှိ ပြောင်းဖူးအဝယ်ဒိုင်များထံသို့ ပြောင်းဖူးသယ်ပို့ရောင်းချသူ ဦးစိုင်းဘအေးက တရုတ်နိုင်ငံမှ ပြောင်းဖူးအဝယ်ဒိုင်များက ပြောင်းဖူးအဝင် အနည်းအများအပေါ်တွင် လည်းကောင်း၊ ပြောင်းဖူး အကြီးအသေးတို့ပေါ်တွင် လည်းကောင်း၊ ပြောင်းဖူးလတ်ဆက်မှုတို့ပေါ်တွင် လည်းကောင်း အခြေခံအကဲဖြတ်၍ ဈေးနှုန်းအတက်အကျဖြင့် ဝယ်ယူကြကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်သွယ်သည့် လမ်းများတွင် ပြောင်းဖူးအဝယ်ဒိုင်များ တိုးချဲ့ဖွင့်၍ ဝယ်ယူနေကြောင်း၊ ကျွန်တော်က ပြောင်းဖူးဈေးနှုန်း တစ်တန်လျှင် ယွမ် ၂၀၀၀ လောက်ဖြင့် ရောင်းချရလျှင်လည်း အရှုံးမပေါ်နိုင်ဟု တွက်ဆပြီး ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း ပြောပြသည်။

ပြောင်းဖူးစိမ်း (ခေါ်) သကြားပြောင်းသည် တောင်သူများအတွက် နိုင်ငံခြားဝင်ငွေရရှိစေပြီး စိုက်ပျိုးရေးလုပ်ငန်းတွင် ဝင်ငွေကောင်း တွက်ခြေကိုက်စေသည့်အတွက် ယခုနှစ် ပြောင်းဖူးဈေးနှုန်းမှာ တောင်သူများ စိတ်အားတက်ပြီး တိုးချဲ့စိုက်ပျိုးလာခဲ့ကြောင်း သိရှိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)