ဝမ်းတွင်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ဝမ်းတွင်း၊ ဇွန် ၇

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသားကျောင်းသူများ အားလုံးကို ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုလို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က-ခွဲ(ဝမ်းတွင်း)၊ အမှတ်(၅)မူလွန်၊ အ.ထ.က-ခွဲ(အိုမတွေ့)၊ အ.မ.က(ရွှေကူ)၊ အ.မ.က(ပန်းကြိုင်)၊ အ.ထ.က(ညောင်အုပ်ဖီး)၊ အ.ထ.က-ခွဲ(လျော်ပင်)၊ အ.မ.က(ရွာသစ်)၊ မူလွန်(ထနောင်းကုန်း)၊ အ.ထ.က(ထန်းပင်ကုန်း)၊ မူလွန်(ရွဲသီး)၊ မူလွန်(သဲတော-၂) စသည့် ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ကြောင်းနှင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသားကျောင်းသူ လျာထားဦးရေ (၁၂၁၉၅)ဦးရှိရာ ယနေ့အထိ ကျောင်းသားကျောင်းသူ (၁၆၆၁)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သီတာထံမှ သိရသည်။

 

အဆိုပါ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သက်ဆိုင်ရာမိဘများ၏ ခွင့်ပြုချက်များရယူကာ ထိုးနှံပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)