ဝက်ဖို့ဒ်အသင်းက အင်္ဂလန်အသင်းနည်းပြဟောင်း ရွိုင်းဟော့ဆန်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်

ပရီမီယာလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းဟာ အင်္ဂလန်နှင့် လီဗာပူးအသင်းတို့ရဲ့ နည်းပြဟောင်း ရွိုင်းဟော့ဆန်ကို အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ အသက် ၇၄ နှစ်အရွယ်ရှိ နည်းပြ ရွိုင်းဟော့ဆန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကုန်က ခရစ္စတယ်ပဲလေ့အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ပရီမီယာလိဂ် နည်းပြအဖြစ် တစ်ကျော့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ ဇန်နဝါရီ ၂၄ ရက်က နည်းပြ ကလော်ဒီယိုရေနီယာရီကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုထုတ်ပယ်ခဲ့ခြင်းဟာ Pozzo မိသားစုက ဝက်ဖို့ဒ်အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း ၁၅ ဦးမြောက် နည်းပြအပြောင်းအလဲလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ ရွိုင်းဟော့ဆန်ကို အသင်းနည်းပြအဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပေမယ့် ရွိုင်းဟော့ဆန်ရဲ့ စာချုပ်သက်တမ်းနဲ့ ပတ်သက်ပြီးတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ရွိုင်းဟော့ဆန်ဟာ နည်းပြဘဝတစ်လျှောက် ဘလက်ဘန်းအသင်း၊ ဖူလ်ဟမ်အသင်း၊ လီဗာပူးအသင်း၊ ဝက်စ်ဘရွန်းအသင်းနဲ့ ခရစ္စတယ်ပဲလေ့အသင်းတို့ကို တာဝန်ယူကိုင်တွယ်ခဲ့ရာ ပွဲစဉ်စုစုပေါင်း ၃၆၄ ပွဲမှာ ၁၂၃ ပွဲအနိုင်ရရှိခဲ့ပြီး ပွဲ ၉၀ သရေရလဒ်ထွက်ပေါ်ခဲ့ကာ ၁၅၂ ပွဲ ရှုံးပွဲကြုံခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်