ဝက်လက်မြို့နယ်၌ မုံလာဥဖြူစိုက်ပျိုးခြင်းဖြင့် ၂ လအတွင်း ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

ဝက်လက်၊ ၁၇ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မြင်တော်ကျေးရွာအုပ်စု၊ တိုက်ကုန်းကျေးတွင်၊ မုံလာဥဖြူ စိုက်ပျိုးခြင်းဖြင့် ၂ လအတွင်း ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြာင်း မုံလာဥဖြူ စိုက်ပျိုးထားသူတောင်သူများထံက သိရသည်။

 

မုံလာဥဖြူပင်သည် သဲဆန်သောမြေတွင်သာ စိုက်ပျိုးဖြစ်ထွန်းပြီး မျိုးစေ့ချကာ စိုက်ပျိုးရကြောင်း၊ ဧကတစ်ဝက် စိုက်မည်ဆိုလျှင် မျိုးစေ့ အထုတ် ၃ ထုတ်စိုက်ရပြီး စိုက်ခင်းအတွင်းသို့ အပင်အားဆေး၊ ပိုးသတ်ဆေး၊ မြေဆီအနည်းငယ် ပက်ဖျန်းပေးရကာ ကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းခွဲခန့်သာ ကုန်ကျမှာဖြစ်ကြောင်း၊ နေ့စဉ်ရေလောင်းပေးပြီး ၂ လအကြာ မြေကြီးပေါ်တွင် ပေါ်လာသော မုံလာဥဖြူကို နုတ်ယူ၍ ကပ်နေသောသဲများ သန့်ရှင်းသွားအောင် ရေဆေးပေးပြီး စျေးကွက်သို့ တင်ပို့ရောင်းချရကြောင်း မုံလာဥဖြူ စိုက်ပျိုးထားသူ တိုက်ကုန်းကျေးရွာနေ ဦးတင့်ဝေ၏ ပြောကြားချက်အရ သိရှိရသည်။

 

ယခုအချိန်တွင် မုံလာဥဖြူအပင် ၅၀ ကို ပေါက်စျေး ကျပ် ၂၂၀၀ ဖြင့် ဝက်လက်မြို့သို့ သွားရောက်ရောင်းချရာ မုံလာဥဖြူ ဧကတစ်ဝက် စိုက်ပျိုးထားခြင်းဖြင့် ၂ လအတွင်း ငွေကျပ် ၅ သိန်းခန့် ဝင်ငွေရရှိသည့်အတွက် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။

 

                                                                                                                                           စိုးစိုးလှိုင်(ဝက်လက်)