ကန်ပက်လက် ၂၅ နိုဝင်ဘာ
ချင်းပြည်နယ်အတွင်း အထင်ကရနေရာ တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ၏ စိတ်ဝင်စားမှု အပြည့်အဝ ရရှိထားသည့် ဝိတိုရိယတောင် (နတ်မတောင်) တောင်တက်လမ်းအသစ် ထပ်မံရှာဖွေပြီးစီး ခဲ့ပြီးနောက် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ(DMO)အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အတူ ချင်းပြည်နယ် အစိုးရအဖွဲ့သို့ ဘတ်ဂျက်တောင်းခံခြင်းများ ပြုလုပ်သွားမည်ဟု ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် DMO အစည်းအဝေးအရ သိရသည်။
ယခင်ဝိတိုရိယတောင် ခြေလျှင်တောင်တက်လမ်း (၂)ခုရှိခဲ့ရာမှ ခရီးသွားပြည်သူများ ခရီးသွားလာရာတွင် ခြေလျှင်တောင်တက်ခြင်း အရသာကို အပြည့်အဝရရှိစေရန် ရည်ရွယ်လျက် ဟော်တယ်နှင့် ခရီးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီ၍ နတ်မတောင် (ခေါ်နူးစုမ်)အမျိုးသား ဥယာဉ် ၀န်ထမ်းများနှင့် ဒေသခံဧည့်လမ်းညွှန်များဖြင့် ခြေလျင်တောင်တက်လမ်း အသစ်တစ်ခုအား ထပ်မံရှာဖွေခဲ့ကြပြီးနောက် ဌာနဆိုင်ရာများနှင့် ဟော်တယ်လုပ်ငန်းရှင်များ ပါဝင်သည့် ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(DMO) အစည်းအဝေးပြုလုပ်ကာ ယင်းရှာဖွေထားသည့် လမ်းကြောင်းသစ်အား ပြုပြင်မွန်းမံနိုင်စေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ကုန်ကျမည့် ဘတ်ဂျက်များကို တင်ပြတောင်းခံမှုများ ပြုလုပ်နိုင်ရေး လိုအပ်လျက်ရှိသည့် ဆွေးနွေးဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး လိန်းမောင်းရှိန်းက ပြောသည်။
အဆိုပါ ခြေလျင်တောင်တက်လမ်း အသစ်တွင် ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေစေရန် လမ်းညွှန်ဆိုင်းဘုတ် များအပြင် လမ်းတစ်ဝက်ခေတ္တနားခိုနိုင်စေရန် ဇရပ်များနှင့် သဘာဝအလှအပ ရှုခင်းများဖြင့် ဓာတ်ပုံရိုက်ကူးနိုင်မည့် နေရာများအား စီစဉ်ဆောင်ရွက်သွားရန်ရှိကြောင်း၊ ယခုရှာဖွေထားသည့် လမ်းကြောင်းမှာ (၁၀)မိုင်တစ်ဖာလုံမှ ဝိတိုရိယတောင်ပေါ်သို့ တက်ရမည့် လမ်းကြောင်းဖြစ်ပြီး စုစုပေါင်းအရှည် (၄)မိုင်(၂)ဖာလုံရှိကာ သဘာဝရှုခင်းများအား ပိုမိုကြည့်ရှု ခံစားနိုင်မည်ဖြစ်ကြောင်းနှင့် ကန်ပက်လက်မြို့နယ်အတွင်း ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်မည့် အစီအမံများစွာရှိရာ ယင်းဆောင်ရွက်မည့်ကိစ္စများကို (DMO) အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ကိုလန်း(ပြန်/ဆက်)


