WBA ဟဲဗီးဝိတ်ပွဲစဉ်တွင် ဘရိုင်ယန်ကို အလဲထိုးဖြင့် ဒူဘွိုက်စ် အနိုင်ယူ

ဗြိတိန်လက်ဝှေ့ကျော် ဒန်နီရယ် ဒူဘွိုက်စ်နှင့် အမေရိကန်လက်ဝှေ့ကျော် ထရီဗာ ဘရိုင်ယန်တို့၏ WBA ဟဲဗီးဝိတ်ပွဲစဉ်ကို ဇွန် ၁၁ ရက်က မီယာမီ၌ ယှဉ်ပြိုင်ကစား ခဲ့ရာ ဒူဘွိုက်စ်က အနိုင်ရရှိခဲ့သည်။

အသက် ၂၄ နှစ်အရွယ် ဒူဘွိုက်စ်သည် ပြိုင်ဘက်ကို လေးချီမြောက်တွင် အလဲထိုးကာ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ (ယာပုံ) အဆိုပါနိုင်ပွဲကြောင့် ဒူဘွိုက်စ်သည် WBA စူပါခါးပတ်အတွက် စိန်ခေါ်ထိုးသတ်ခွင့်ရရန် နီးစပ်လာပြီဖြစ်သည်။ လက်ရှိတွင် ဒူဘွိုက်စ်သည် ယခုနွေရာသီနှောင်းပိုင်း၌ ကျင်းပတော့မည်ဖြစ်သော အန်သိုနီဂျိုရှာနှင့် အူဆိုက်တို့ထဲမှ အနိုင်ရရှိမည့် သူကို စိန်ခေါ်ထိုးသတ်ခွင့် ရရှိလာ ပြီလည်းဖြစ်သည်။

အဆိုပါပွဲကို ပွဲကြည့်ပရိသတ် ငါးရာခန့်သာ လာရောက်ကြည့်ရှုကြသော်လည်း ဒူဘွိုက်စ်အနေဖြင့် ပြိုင်ဘက်အပေါ် ပွဲအစကတည်းက အနိုင်ရရှိရန်သာ အာရုံစိုက်ထားကြောင်း သိရသည်။

ဒူဘွက်စ်၏ အားပါပြင်းထန်သော လက်သီးချက်ကြောင့် အသက် ၃၂ နှစ်အရွယ်ရှိ ဘရိုင်ယန် လေးချီမြောက်တွင် လဲကျသွားခဲ့ခြင်းဖြစ်သည်။

ဒူဘွိုက်စ်သည် ကစားသမား ဘဝ စုစုပေါင်း ၁၉ ပွဲ ယှဉ်ပြိုင် ကစားပြီး ၁၈ ပွဲအထိ နိုင်ပွဲရရှိ ထားကြောင်းသိရသည်။ ထို့အပြင် ယခုပွဲကိုအလဲထိုးအနိုင်ရရှိခဲ့သောကြောင့် စုစုပေါင်း အလဲထိုးအနိုင် ရရှိသည့်ပွဲမှာ ၁၇ ပွဲ အထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အောင်ဇော်