“ဝ”အထူးဒေသတောင်ပိုင်း တိုင်းရင်းသာများကို အခမဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်

နေပြည်တော် မတ် ၃၁

 

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်မှ ချမှတ်ထားသော လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သော နိုင်ငံတော် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေးအတွက် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေပြီး မြို့ပြနှင့် ကျေးလက်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု သာတူညီမျှရရှိစေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ ကျန်းမာရေး မြှင့်တင်တိုးတက်စေရေးအတွက် ကွင်းဆင်းဆေးကုသခြင်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနသည် တြိဂံတိုင်းစစ်ဌာနချုပ်နှင့် ပူးပေါင်း၍ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ဦးဆောင်သော နယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့သည် “ဝ” အထူးဒေသ တောင်ပိုင်းရှိ တိုင်းရင်းသားများအား အခမဲ့ သွားနှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို မတ် ၁၆ ရက်မှ ၂၉ ရက်အထိ ဆောင်ရွက်ပေးခဲ့သည်။

 

ကုသရေးအဖွဲ့သည် မိုင်းဆတ်မြို့နယ်ရှိ မိုင်းကန်ကျေးရွာနှင့် ဆီဟုတ်ကျေးရွာ၊ ပုံပါကျင်မြို့ရှိ ဟွေအောကျေးရွာတို့တွင် ကလေးသူငယ် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများကို သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေးခြင်းနှင့် စနစ်မှန် သွားတိုက်နည်း စနစ်တို့ကို လက်တွေ့သရုပ်ပြပြီး အတူတကွ သွားတိုက်ခြင်း၊ သွားရောဂါများကို စစ်ဆေးကုသခြင်းနှင့် သက်ကြီးရွယ်အိုများ သွားတုတပ်ဆင်ပေးခြင်း၊ နှုတ်ခမ်းကွဲလူနာများ ခွဲစိတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


    
အဆိုပါခရီးစဉ်တွင် သွားနှင့် ခံတွင်းရောဂါ ခံစားနေရသောလူနာ ၁၁၅၈ ဦးကို လိုအပ်သော ကုသမှုများပေးခဲ့ပြီး သွားတု လူနာ ၁၀၀ နှင့် နှုတ်ခမ်းကွဲ လူနာ သုံးဦးတို့ကို အခမဲ့ကုသပေးသည်။ အဆိုပါ ဆေးကုသရေးအဖွဲ့တွင် ကုသရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ သွားနှင့်ခံတွင်း ဆရာဝန်များနှင့် အထောက်အကူပြု ဝန်ထမ်း ငယ်များ၊ ပြင်ပ သွားနှင့် ခံတွင်းဆရာဝန်များ၊ သွားတုကျွမ်းကျင်သူများနှင့် လုပ်အားပေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့သည်။

 

သတင်းစဉ်