၂၅ အောက်တိုဘာ
ရီးယဲလ်က ဘာစီလိုနာကို ဘာကာရဲ့ အိမ်ကွင်း နူးကမ့်မှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းအနေနဲ့ ဗီဒီယို လက်ထောက်ဒိုင် အကူစနစ် (VAR)ကြောင့် နစ်နာမှုတွေ ဖြစ်ခဲ့တယ်လို့ ဘာကာ နည်းပြ ကိုးမန်းက ညီးတွားခဲ့ပါတယ်။
ဘာစီလိုနာနဲ့ ရီးယဲလ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်မှာ ရီးယဲလ်အသင်းက ပင်နယ်တီရရှိခဲ့ပြီး အသင်းခေါင်းဆောင် ရာမို့စ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘာကာဟာ ရာမို့စ်ရဲ့ ပင်နယ်တီဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး ပွဲချိန် မိနစ် ၉၀မှာတော့ ကွင်းလယ်လူ မိုဒရစ်က ရီးယဲလ်အတွက် တတိယမြောက် အနိုင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့ပါတယ်။
ကိုးမန်းက “ကျွန်တော် သဘောမတူပါဘူး။ ဒါက ပင်နယ်တီ မဟုတ်ပါဘူး။ စပိန်မှာ ကျင့်သုံးနေတဲ့ VAR နဲ့ ပတ်သက်ပြီး ကျွန်တော်ကို ရှင်းပြဖို့ လိုပါတယ်။ VAR က ဘာကာကို ဆန့်ကျင်နေတယ်။ ဆီဗီလာနဲ့ ပွဲမှာ မက်ဆီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ပင်နယ်တီ မရခဲ့သလို ဂီတာဖေးနဲ့ ပွဲမှာလည်း ဂီတာဖေး ကစားသမားတွေကို အနီကဒ်နှစ်ကြိမ်လောက် ပြသခံရနိုင်တာကိုလည်း မပြသခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။
မေလဲ့သင်း