ဥရောပတွင် မျောက်ကျောက်ရောဂါကူးစက်မှု ဆက်လက်မြင့်တက်လာသဖြင့် တာဝန်ရှိသူများက ရောဂါကာကွယ်ရေးအစီအမံများ ပြုလုပ်ရန် နိုင်ငံများအား တိုက်တွန်း

မေ ၂၆

 

ဥရောပတွင် မျောက်ကျောက်ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေရာ ဥရောပကျန်းမာရေးတာဝန်ရှိသူများက ထိုရောဂါကူးစက်မှုကာကွယ်ရေးအစီအမံများ လုပ်ဆောင်ကြရန် နိုင်ငံများအား တိုက်တွန်းပြောကြားထားသည်။

 

မျောက်ကျောက်ရောဂါသည် မျောက်များတွင် စတင်တွေ့ရှိရသည့် တိရစ္ဆာန်မှတစ်ဆင့် လူသားများသို့ ကူးစက်တတ်သည့် ဗိုင်းရပ်စ်ရောဂါ ဖြစ်ပြီး အာဖရိက၏ အချို့နေရာများတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်းနှင့် တစ်ခါတစ်ရံတွင် လူအချင်းချင်းကူးစက်မှု ဖြစ်ပွားတတ်သော်လည်း  မကြာသေးမီကာလအထိ ကမ္ဘာကြီး၏အခြားနေရာများတွင် ထိုရောဂါကူးစက်ဖြစ်ပွားမှုနည်းပါးကြောင်း ဖော်ပြထားသည်။

 

ဥရောပတွင် ဗြိတိန်နိုင်ငံသည် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူဦးရေအများဆုံးဖြစ်ပြီး ရောဂါကူးစက်ဖြစ်ပွားသူ ၇၁ ဦးအထက်ရှိသည်။

 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့တွင် ထိုရောဂါကူးစက်မှုရှိကြောင်း အတည်ပြုသတင်းထုတ်ပြန်ထားသည်။ စပိန်နိုင်ငံတွင် ထိုရောဂါကူးစက်ခံရသူ အနည်းဆုံး ၅၅ ဦးရှိပြီး ပေါ်တူဂီနိုင်ငံတွင် ယင်းရောဂါကူးစက်ခံရသူ ၃၉ ဦး ရှိကြောင်း သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကူးစက်မှုကို မေလ ၇ ရက်နေ့က ပထမဆုံးတွေ့ရှိခဲ့ပြီးနောက် ယခုအချိန်အထိ ထိုရောဂါကူးစက်ခံရသူ ၁၃၁ ဦး ရှိသည်ဟု အတည်ပြုထားကြောင်းနှင့် နိုင်ငံပေါင်း ၁၉ နိုင်ငံတို့မှ ထိုရောဂါကူးစက်မှုသံသယရှိသူ ၁၀၆ ဦး ရှိကြောင်း မေလ ၂၄ ရက်က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို