ဥရောပတစ်ခွင်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၃၀ ကျော်ရှိလာ

ပါရီ ၊ ၁၅ ဇန်နဝါရီ 

ဥရောပတစ်ခွင်လုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၃၀ ကျော်ရှိလာကြောင်း အေအက်ဖ်ပီ သတင်းဌာနမှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်သည့် နောက်ဆုံး အချက်အလက်များအရ သိရသည်။

ဥရောပတစ်ခွင်လုံး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၀၀၀၃၉၀၅ ဦးရှိလာခဲ့ရာ ယခုအခါ ဥရောပ တိုက်သည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ အဆိုးဆုံးထိခိုက်လျက်ရှိသည့် ဒေသဖြစ်လာခဲ့သည်။

ထို့အတူ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၃၉၉၄၅၀၇ ဦး၊ လက်တင်အမေရိကန်နှင့် ကာရစ်ဘီယံဒေသတွင် ၁၆၉၈၉၆၂၈ ဦး၊ အရှတွင် ၁၄၄၈၅၅၈၈ ဦး၊ အရှေ့အလယ် ပိုင်းဒေသတွင် ၄၃၂၃၉၆၆ ဦး၊ အာဖရိကတွင် ၃၁၇၀၈၃၇ ဦးနှင့် သမုဒ္ဒရာဒေသနိုင်ငံတွင် ၃၁၄၄၃ ဦး စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါ အသီးသီး ကူးစက်ခံရကြောင်း သိရသည်။

ထို့အပြင် ဥရောပတိုက်တွင် ကိုဗစ်-၁၉ ရောဂါ အဆိုးဆုံးထိခိုက်လျက်ရှိသည့် နိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ပြီး ထိုနိုင်ငံ တစ်နိုင်ငံတည်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၅၂၀၅၃၁ ဦးနှင့် ရောဂါကြောင့် သေဆုံးသူ ပေါင်း ၆၄၄၉၈ ဦး ရှိသည်။ ထို့အတူ ဗြိတိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၆၀၂၅၈ ဦးနှင့် သေဆုံးသူ ၈၆၀၁၅ ဦး၊ ပြင်သစ်တွင် ရောဂါ ကူးစက်ခံရသူ ၂၈၅၁၆၇၀ နှင့် သေဆုံးသူ ၆၉၃၁၃ ဦး၊ တူရကီတွင် ရောဂါ ကူးစက်ခံရသူ ၂၃၆၄၈၀၁ ဦးနှင့် သေဆုံးသူ ၂၃၄၉၅ ဦး၊ အီတလီတွင် ရောဂါ ကူးစက်ခံရသူ ၂၃၃၆၂၇၉ ဦးနှင့် သေဆုံးသူ ၈၀၈၄၈ ဦးနှင့် စပိန်တွင် ရောဂါ ကူးစက်ခံရသူ ၂၂၁၁၉၆၇ ဦးနှင့် သေဆုံးသူ ၅၃၀၇၉ ဦး စသည်ဖြင့် အသီးသီးရှိသည်။

ဥရောပနှင့် မြောက်အမေရိကတိုက်သည် လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုနှုန်းအများဆုံး ဒေသဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်က အဆိုပါ ဒေသတစ်ခုချင်းစီရှိ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၂၆၀၀၀၀ ခန့်ရှိကြောင်း သိရသည်။ ထို့အပြင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဥရောပတိုက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၆၄၆၀၂၂ ဦးရှိသည်။ 

ထို့အတူ ကမ္ဘာတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၇၃၀၀၀၀ ခန့်ရှိကြောင်းရှိသည်။ လက်ရှိ အချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၂ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၂ သန်း နီးပါးမှာ ထိုရောဂါကြောင့် သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနမှ နောက်ဆုံးထုတ်ပြန်သည့် တရားဝင် အချက်အလက်များအရ သိရသည်။

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ