ရန်ကုန်   ဖေဖော်ဝါရီ    ၁၇

ဧပြီ ၁၁ ရက်တွင် အမေရိကန်နိုင်ငံ မိုင်ယာမီမြို့၌ ကျင်းပမည့် UFC 327 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏  ပထမဆုံးကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲပါဝင်လာမည်ဖြစ်ပြီး ဂျပန်ဖိုက်တာ တက်ဆုရိုတီအီရို နှင့် ထိုးသတ်ရမည်ဖြစ်သည်။

ဂျိုရှုအာဗန်သည် ဒီဇင်ဘာ ၆ ရက်က ထိုးသတ်သည့်ပွဲတွင် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အလဲထိုးအနိုင်ယူပြီးနောက် ကမ္ဘာ့ချန်ပီယံဖြစ်လာပြီး လေးလကျော်အကြာတွင် ချန်ပီယံကာကွယ်ပွဲ ပထမဆုံးအကြိမ် ထိုးသတ်ရမည်ဖြစ်သည်။ ဂျိရှုအာဗန်သည် ၂၀၂၃ ခုနှစ်တွင် နာမည် ကျော်တိုက်ခိုက်ရေးအဖွဲ့အစည်း UFC နှင့် စတင်လက်တွဲပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း ကမ္ဘာ့ချန်ပီယံဖြစ်လာခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ စုစုပေါင်း ၁၈ ပွဲထိုးသတ်ရာတွင် ၁၆ ပွဲနိုင် နှစ်ပွဲရှုံးနိမ့်ထားပြီး UFC နှင့် ၁၀ ပွဲထိုး သတ်ရာတွင် ကိုးပွဲနိုင် တစ်ပွဲရှုံးနိမ့်ထားသည်။ ဂျိုရှုအာဗန်သည် UFC တွင်   နောက်ဆုံး ခြောက်ပွဲဆက်တိုက်   အနိုင်ရပြီး   ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဂျိုရှုအာဗန်နှင့်  ထိုးသတ်မည့်  ဂျပန်ဖိုက်တာ တက်ဆုရိုသည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘ၀ စုစုပေါင်း ၁၉ ပွဲ ထိုးသတ်ရာတွင် ၁၈ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ၁၆ ပွဲဆက်တိုက် အနိုင်ရခဲ့ဖူးသူဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-UFC