ပဲခူး မေ ၁၆
ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရန်နှင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဥဿာစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်သမဝါယမ အသင်းလီမိတက်က ငါးမွေးမြူရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ အသင်းတွင် ငါးမွေးမြူရေးကန် ၃၄ ကန်နှင့် တူးဖော်ဆဲကန် ၁၆ ကန် စုစုပေါင်းကန် ၅၀ ရှိပြီး ငါးမုတ်၊ ငါးတန်နှင့် ငါးမြစ်ချင်း ငါးမျိုးများ အဓိကထားမွေးမြူလျက်ရှိသည်။
ထို့ပြင်အသင်းမှ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးမှုရယူ၍ ကြက်မွေးမြူရေးလုပ်ငန်းကို ကြက်သားပေါက်ကောင်ရေ ၅၀၀၀ ဖြင့် ကြက်ခြံတည်ဆောက်ကာ မွေးမြူလျက်ရှိသည်။ ရောင်းတန်းဝင်ကြက်များကို ရောင်းချပြီး ကြက်သားပေါက်များ ထပ်မံဝယ်ယူ၍ တစ်နှစ်လျှင် သုံးကြိမ်မွေးမြူနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။ အသင်းမှဘဲများကိုပါ မွေးမြူထားရှိပြီး ထွက်ရှိလာသည့် ကြက်၊ ဘဲနှင့် ငါးများကို ပဲခူးမြို့နယ်အတွင်းရှိ အသင်းသားပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်