တယ်လီနောမြန်မာကိုရောင်းချရန် ခွင့်ပြုမိန့်စောင့်ဆိုင်းနေပြီး ပုံမှန်လည်ပတ်နေကြောင်း ထုတ်ပြန်

ရန်ကုန်   ဖေဖော်ဝါရီ   ၁၈

တယ်လီနောမြန်မာသည် ၎င်း၏ရှယ်ယာများကို ရောင်းချခြင်းအတွက် လိုအပ်သည့် သက်ဆိုင်ရာ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းနှင့် တယ်လီနောမြန်မာ၏လုပ်ငန်းများမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး မြန်မာနိုင်ငံရှိ လူအားလုံးကို ဆက်သွယ်ချိတ်ဆက်ပေးနိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း တယ်လီနောမြန်မာက ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ကြေညာထားသည်။

တယ်လီနောလုပ်ငန်းစုမှ မြန်မာ၏ ရှယ်ယာများကို M1 လုပ်ငန်းစုသို့ ရောင်းချရန် ၂၀၂၁ ခုနှစ် ဇူလိုင်လက သဘောတူညီမှုရရှိခဲ့ကြောင်း၊ အရောင်းအဝယ်ကိစ္စရပ်ပြီးမြောက်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုချက်လိုအပ်ကြောင်း၊ လက်ရှိတွင် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း၊ တယ်လီနောအနေဖြင့် အဆိုပါခွင့်ပြုချက်ကို တရားဝင်လက်ခံရရှိပြီးမှသာ သုံးစွဲသူများနှင့် မိတ်ဖက်ပါတနာများကို ထပ်မံအသိပေးနိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

တယ်လီနောမြန်မာအနေဖြင့် မြန်မာနိုင်ငံရှိသုံးစွဲသူများ အချင်းချင်းဆက်သွယ်ချိတ်ဆက်မှု မပြတ်တောက်စေရန် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး အကောင်းဆုံးသော ကွန်ရက်ဝန်ဆောင်မှု များကို ပေးအပ်သွားနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကိုစိုး