“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ပွဲစဉ် (၁၆) ဒုတိယအဆင့် (Level -2) ပြိုင်ပွဲ Result Show ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

 

နေပြည်တော် ၊ ဒီဇင်ဘာ ၁၄

 

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ (၂) ရက်မှစတင်ပြီး ပွဲစဉ်(၁၈)ပွဲဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ (၃၀) ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီချိုပြုံး၊ စန္ဒရားမျိုးနိုင် နှင့် တေးသံရှင် ခိုင်ဝါတို့က လည်းကောင်း၊ သရုပ်ဆောင်/ တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ် တင်ဆက်သူများအဖြစ်လည်းကောင်း ဆက်လက်ဆောင်ရွက်ကြမည် ဖြစ်သည်။

 

ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း (၄၅) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာမှ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level–2) တွင် ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင် (၁၀) ဦးအား ဦးစွာရွေးချယ်ခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်မှုဖြင့် ထပ်မံရွေးချယ်ခဲ့ရာ ပြိုင်ပွဲဝင် ခုနစ်ဦး ပေါ်ထွက်လာပြီဖြစ်၍ ပွဲစဉ် (၁၆) အား ဒီဇင်ဘာ (၁၆)ရက် သောကြာနေ့ညတွင် MRTV-HD မှ Result Show အဖြစ် တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်သည်။

 

အဆိုပါ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2) မှစ၍ အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးမှု (၃၀) ရာခိုင်နှုန်းနှင့် ပရိသတ်များ၏ SMS Voting ဖြင့် ပေးပို့မှု (၇၀) ရာခိုင်နှုန်း သတ်မှတ်ထားရှိရာ ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင်များဖြစ်ကြသော ချင်းပြည်နယ်မှ မြင့်မြတ်သူ (MFO2) ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထွန်းပပအောင် (MFO3)၊ ပဲခူးတိုင်းဒေသကြီးမှ လျှမ်းထက်ကို (MFO5)၊ ကရင်ပြည်နယ်မှ ချိုသဲဦး (MFO6)၊ ကချင်ပြည်နယ်မှ လလဆွတ် (MFO7)၊ နေပြည်တော်မှ ပူတူး (MFO9) နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင် (MF10) တို့အား ပြည်တွင်းတယ်လီဖုန်း Operator များမှတစ်ဆင့် Code No 7575 သို့ ပြိုင်ပွဲဝင်၏ MF နံပါတ်ကို ရိုက်နှိပ်၍ ဒီဇင်ဘာ (၁၆) ရက်၊ မွန်းတည့် (၁၂) နာရီအထိ SMS အကန့်အသတ်မရှိ ပေးပို့နိုင်မည်ဖြစ်သည်။

 

အဆိုပါ အစီအစဉ်ကို ဒီဇင်ဘာ (၁၈) ရက် တနင်္ဂနွေနေ့၊ နံနက် (၁၀) နာရီခန့်တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်