တူရကီကလပ် ဖီနာဘာချီအသင်းသို့ပြောင်းရွှေ့ရန် နီးစပ်နေသည့် ကွင်းလယ်ကစားသမား အိုဇေးလ်

၁၈  ဇန်နဝါရီ

အာဆင်နယ်ကွင်းလယ်ကစားသမား မီဆွပ် အိုဇေးလ်သည် တူရကီကလပ် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ ကစားရန် နီးစပ်နေပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၃၂ နှစ်အရွယ်ရှိ အိုဇေးလ်နှင့် အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားသောစာချုပ် သက်တမ်းမှာ ရာသီဝက် ကျန်ရှိနေသေးသော်လည်း နှစ်ဖက်သဘောတူညီမှုအရ အဆိုပါ စာချုပ်သက်တမ်းကို အဆုံးသတ်ရန် သဘောတူညီအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် နည်းပြအာတီတာသည် ကွင်းလယ်ကစားသမား အိုဇေးလ်ကို ပရီမီယာလိဂ် ကစားသမားစာရင်းနှင့် ယူရိုပါလိဂ်ကစားသမားစာရင်းမှ ချန်လှပ်ခဲ့သည့်အတွက် အိုဇေးလ်အနေဖြင့် ယခုနှစ်ရာသီတွင် အာဆင်နယ်အသင်းအတွက် ကစားထားခြင်းမရှိပေ။ အာဆင်နယ်အသင်းသည် အသင်းတွင် တစ်ပတ်လုပ်အားခ ပေါင် ၃၅၀ဝဝဝ ရရှိနေသည့် အိုဇေးလ်ကို ဖီနာဘာချီအသင်းသို့ပြောင်းရွှေ့ခွင့်ပြုရန်အတွက် ၎င်း၏ စာချုပ်ကို ဖျက်သိမ်းပေးရန် သဘောတူညီလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အိုဇေးလ်သည် ၂၀၁၃ ခုနှစ်တွင် စပိန်နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၄၂ ဒသမ ၄ သန်းဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၂၅၄ ပွဲ ပါဝင်ကစားပေးထားပြီး ၄၄ ဂိုး သွင်းယူပေးထားသည်။ ၎င်းသည် အာဆင်နယ်အသင်း နှင့်အတူ အက်ဖ်အေဖလားကို ၂၀၁၃-၁၄ ၊၂၀၁၄-၁၅၊ ၂၀၁၆-၁၇ ခုနှစ်တို့တွင် ဆွတ်ခူးထားနိုင်သည်။ ထို့အပြင် ၂၀၁၅ ခုနှစ်တွင် အာဆင်နယ်အသင်းနှင့်အတူ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးထားနိုင်သည်။ ထို့နောက် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အာဆင်နယ်အသင်းကို လိဂ်ဖလားဗိုလ်လုပွဲ သို့ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်သကဲ့သို့ ၂၀၁၈-၁၉ ခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ရောက်ရှိအောင် ကူညီပေးထားနိုင်သူဖြစ်သည်။

အိုဇေးလ်သည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ယခုသီတင်းပတ်၌ ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့မှုကို အဆုံးသတ်ဖွယ်ရှိနေသည်။ ထို့အပြင် တူရကီသတင်း အရင်းအမြစ်များတွင်လည်း ယခုလအစောပိုင်းက ဖီနာဘာချီအသင်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အိုဇေးလ်ကို ခေါ်ယူဖွယ်ရှိကြောင်း ဖော်ပြထားသည့်အတွက် အဆိုပါ အပြောင်းအရွှေ့ဖြစ်မြောက်ရေးမှာ အလွန်ပင် နီးစပ်နေသည်။

အာဆင်နယ်အသင်းသည်၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် အာတီတာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက်ပိုင်း အိုဇေးလ်အနေဖြင့် အာဆင်နယ်အသင်းအတွက် ၁၀ ပွဲသာ ပါဝင်ကစား ထားရသေးကြောင်း မှတ်တမ်းများအရ သိရသည်။

နည်းပြအာတီတာ၏ အာဆင်နယ်အသင်းသည် ရာသီအစပိုင်းပွဲစဉ်များတွင် ပုံစံကောင်းပျောက်ဆုံးနေပြီး ရှုံးပွဲများနှင့် မကြာခဏ ရင်ဆိုင်နေရသော်လည်း နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့်ငါးပွဲတွင် လေးပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။ သို့သော်လည်း အာဆင်နယ်အသင်းသည် ပရီမီယာလိဂ် ၁၈ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၂၄ မှတ်သာ စုဆောင်းထား နိုင်သေးသည်။ အာဆင်နယ်အသင်းသည် ပွဲစဉ် ၁၉ အဖြစ် နယူးကာဆယ်အသင်းကို ဇန်နဝါရီ ၁၉ ရက်နံနက် ၂ နာရီခွဲတွင် အမ်းမရိတ်၌ ဧည့်ခံယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ အခြားဆက်စပ် သတင်းတစ်ရပ်အနေဖြင့် ဖီနာဘာချီအသင်းသည် ကျူပီအာအသင်းမှ အသက် ၂၃ နှစ်အရွယ် နိုင်ဂျီးရီးယား ကွင်းလယ်ကစားသမား ဆမ်မြူရယ်ကို ခေါ်ယူစာချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အောင်ဇော်