တူကီယဲနိုင်ငံ၌  အင်အားပြင်းငလျင်  နှစ်ကြိမ်လှုပ်ခတ်

ဖေဖော်ဝါရီ ၆

တူကီယဲနိုင်ငံတွင် ယနေ့မနက်အစောပိုင်းက အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သဘာဝဘေးအန္တရာယ်နှင့်အရေးပေါ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့( အေအက်ဖ်အေဒီ )က ပြောကြားသည်။

အဆိုပါငလျင်လှုပ်ခတ်မှုမှထိခိုက်သေဆုံးမှုစာရင်းကိုမူ ချက်ချင်းထုတ်ပြန်ခြင်း မရှိပေ။

တောင်ပိုင်း ကန်ရာမန်မာရတ်ပြည်နယ် ပါဇာရစ်ခရိုင်တွင် မနက် ၄ နာရီ ၁၇ မိနစ်က ပြင်းအား ၇ ဒသမ ၄ ပမာဏရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ပထမငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်း ဂါဇီရန်တတ်ပ်ပြည်နယ်တွင် မနက် ၄ နာရီ ၂၆ မိနစ်က ပြင်းအား ၆ ဒသမ ၄ ပမာဏ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့သည်ဟု အေအက်ဖ်အေဒီက ပြောကြားသည်။

တူကီယဲအာဏာပိုင်များက ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုစာရင်းကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပျက်စီးနေသောအဆောက်အဦများနှင့် လမ်းမများပေါ်တွင်လူများစုဝေးနေပုံကို နိုင်ငံပိုင် တီအာတီရုပ်သံလွှင့်ဌာနက ထုတ်လွှင့်ပြသခဲ့သည်။

ထိုငလျင်လှုပ်ခတ်မှုဖြစ်ပွားရာနေရာများသို့ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခဲ့ကြောင်းနှင့် အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထားကြောင်း တူကီယဲပြည်ထဲရေးဝန်ကြီး ဆူလမန်ဆိုလူက သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို