နေပြည်တော် ဇူလိုင် ၂၀

 

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၄ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၆) ဒေါ်အေးချမ်းမုံ၏ လယ်ယာမြေအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ လက်ရှိ ဥပဒေပြဋ္ဌာန်းချက်များကို ကျင့်သုံးရာတွင် ဖြစ်ပေါ်နေသည့် စီရင်ပိုင်ခွင့်ဆိုင်ရာ မရှင်းလင်းမှုများအပေါ် ပြည်သူများအနေဖြင့် သံသယကင်းရှင်းစွာ နားလည်နိုင်စေရန် လယ်ယာမြေအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက တရားရုံးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက် မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ ၇)ရရှိသူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုများ ပေါ်ပေါက်လာပါက လယ်ယာမြေ ဥပဒေပုဒ်မ ၂၂ နှင့်အညီ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် မူလမှုခင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက် အမိန့်အား ကျေနပ်မှုမရှိပါက လယ်ယာမြေဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (က)နှင့်အညီ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ရောက်နိုင်ပါကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက လယ်ယာမြေ ဥပဒေ ပုဒ်မ ၂၄ ပုဒ်မခွဲ(က)နှင့်အညီ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ရောက် နိုင်ပါကြောင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက လယ်ယာမြေ ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (က) နှင့်အညီ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အယူခံဝင်ရောက်နိုင်ပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (ဂ) အရ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါကြောင်း။

 

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက လယ်ယာမြေ ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ (ဂ)နှင့်အညီ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ကို ခံယူခွင့်ရှိပါကြောင်း၊ သို့ပါ၍ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက် လာပါက သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ကို ခံယူခွင့်ရှိပါကြောင်းကို တည်ဆဲလယ်ယာမြေ ဥပဒေတွင် ရှင်းလင်းစွာ ပြဋ္ဌာန်းထားပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဦးသိန်းမြင့်၏ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာရှိ ပက်ကလက်တူးမြောင်းနှင့် စံပယ်ဂူလမ်းဘေး တူးမြောင်းအနီးတွင် ရေထိန်းတံခါး တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပက်ကလက်တောင် တူးမြောင်းပေါ်ရှိ သစ်သားတံတားသည် ဟောင်းနွမ်းပျက်စီးနေ၍ (၆x၆)ပေ ရေတံခါးပေါက် ငါးပေါက်ပါဝင်ပြီး အကျယ် ၁၃ ပေရှိသော ရေထိန်းတံခါးတစ်ခု အစားထိုးတည်ဆောက်ပေးခြင်းဖြင့် မိုးရာသီကုန်ဆုံးချိန်တွင် အတ္ထရံမြစ်မှရေချိုကို သွင်းယူပြီး ကလိုင်းကနိုင်ကျေးရွာ ကွင်းအမှတ် (၅၈၀-က)၊ (၅၈ဝ) ကျောက်တောင်ကွင်းနှင့် ကတုံ ကြပ်ကွင်းရှိမြေဧရိယာ ဧက ၃ဝဝ ခန့်နှင့် ရှင်စောပု ရပ်ကွက် ကွင်းအမှတ် (၅၇၉-ခ) ကျုံဖဲ့ကွင်းရှိ မြေဧရိယာ ဧက ၁၅ဝ ခန့် စုစုပေါင်း မြေဧရိယာ ဧက ၄၅၀ ခန့်အား နွေစပါး၊ ဆောင်းသီးနှံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်မည်ဖြစ်သည့် အပြင် တောင်သူများအနေဖြင့် လယ်ယာကုန်ထုတ် လုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအတွက် တံတားအဖြစ်ဖြင့် ရေထိန်းတံခါးပေါ်မှ အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာနိုင်မည် ဖြစ်ပါကြောင်း။

 

သို့ပါ၍ ပက်ကလက်တောင် တူးမြောင်းပေါ်တွင် ရေထိန်းတံခါးတည်ဆောက်ခြင်း လုပ်ငန်းအား ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေတွင် တင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် စီမံသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးရခွီဖုန် (Rakwi Pung)၏ ကချင် ပြည်နယ် ပူတာအိုခရိုင် ပူတာအိုပြည်သူ့ဆေးရုံအား ခုတင်(၁ဝဝ)ဆံ့ဆေးရုံမှ ခုတင်(၃ဝဝ)ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံ၊ (၂၅) ခုတင်ဆံ့ မူးယစ် ဆေးစွဲရောဂါကုဆေးရုံ တစ်ရုံ၊ မူလာရှီဒီးတိုက်နယ် ဆေးရုံ၊ လုံရှာယန်တိုက်နယ်ဆေးရုံနှင့် မန်စေ တိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ ငါးရုံဖွင့်လှစ် ထားရှိပါကြောင်း၊ ပူတာအိုပြည်သူ့ဆေးရုံသည် ခုတင် (၅ဝဝ)ဆံ့ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးနှင့် ၂၁၈ မိုင်ကွာဝေးပြီး ပူတာအိုပြည်သူ့ဆေးရုံ၏ သုံးနှစ် အတွင်း ပျမ်းမျှ အတွင်းလူနာဦးရေမှာ ၄၀ နှင့် ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှု ရာခိုင်နှုန်းမှာ (၄၀ ရာခိုင် နှုန်း) ရှိပါကြောင်း၊ ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှု ရာခိုင်နှုန်းသည် သတ်မှတ်ထားသောမူအရ ခုတင် ၁၀၀ မှ ခုတင် ၂ဝဝ အဆင့်သို့ ဦးစွာတိုးမြှင့်ပေး ရမည်ဖြစ်ပြီး အဆင့်မြှင့်တင်ရန် ခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်ရှိနေပါ၍ လတ်တလောဆေးရုံအဆင့်မြှင့်တင်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၉) ဦးစောသွင်၏ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာအုပ်စုတွင် (၁၆) ခုတင်ဆံ့ တိုက်နယ် ဆေးရုံအား (၂၅) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး တစ်ရုံ၊ (၂၅) ခုတင်ဆံ့ စကုဆေးရုံ တစ်ရုံ၊ ရွာသာယာ တိုက်နယ်ဆေးရုံနှင့် မုန်တောင်တိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံ လေးရုံ ဖွင့်လှစ်ထားရှိပါကြောင်း၊ ရွာသာယာတိုက်နယ်ဆေးရုံသည် မကွေးပြည်သူ့ ဆေးရုံကြီးနှင့် ၁၁ မိုင်၊ မင်းလှမြို့နယ်ဆေးရုံနှင့် ၁၀ မိုင်၊ မင်းဘူးပြည်သူ့ဆေးရုံကြီးနှင့် ကိုးမိုင်ခန့် သာကွာဝေးပါကြောင်း၊ ရွာသာယာတိုက်နယ်ဆေးရုံ၏ သုံးနှစ်အတွင်း တစ်ရက်ပျမ်းမျှအတွင်း လူနာဦးရေသည် ရှစ်ဦးသာရှိပြီး ဆေးရုံခွင့်ပြု ခုတင်အသုံးပြုမှုရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်း သာရှိပါကြောင်း၊ သတ်မှတ်ချက်များအရ ဆေးရုံအဆင့်မြှင့် တင်ရန် သုံးနှစ်အတွင်း ခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်း ပြည့်မီရန် လိုအပ်လျက်ရှိပါသဖြင့် လတ်တလော (၂၅) ခုတင်ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် ဆေးရုံလုပ်ငန်းဆောင်ရွက် ချက်များ တိုးတက်လာပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အချိန်တွင် ပြန်လည်ဆန်းစစ်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း လိုအပ်လျက်ရှိသည့် ဆေးရုံအဆောက်အအုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောက် လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၉) ဦးအောင်မင်းနိုင်၏ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ကုသသူ ဆရာဝန်/ဆရာမများအရေးပေါ် ပြုစုစောင့်ရှောက်မှု အရည်အသွေးများ မြင့်မားလာ စေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Emergency Care Training များကို အထူးအစီအစဉ်အနေဖြင့် ဆေးတက္ကသိုလ်များရှိ အရေးပေါ်ကုသမှု ဆေးပညာဌာနများမှ ပါမောက္ခများ ဦးဆောင်ကာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ သွားရောက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများ၊ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြုများအတွက် သင်တန်းများ စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

 

ထို့အပြင် သင်တန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက် နိုင်ရန်အတွက် အရေးပေါ်ကုသမှုဆေးပညာ မဟာ သိပ္ပံများကို ဆေးတက္ကသိုလ်များအလိုက် ဖွင့်လှစ်ကာ အရေးပေါ် ကုသမှုဆေးပညာဆိုင်ရာ အထူးကုဆရာဝန်များကို ပိုမိုမွေးထုတ်လျက်ရှိပြီး မြို့နယ်ကုသရေး ဦးစီးဌာနမှူးများ၊ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်များအတွက် အခြေခံအရေးပေါ်ကုသမှုဒီပလိုမာ (Online) သင်တန်းကိုလည်း လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်ရန် ဖွင့်လှစ်ပေးထားပြီး ဒုတိယနှစ် ရောက်ရှိပြီဖြစ်ပါကြောင်း၊ သူနာပြုများအတွက် အရေးပေါ်သူနာပြုစုမှုပညာ ဒီပလိုမာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။

 

ဆရာဝန်၊ သူနာပြုများအတွက် သာမက အထောက်အကူပြု ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ရှေးဦးအသက်ကယ်ပြုစုကုသမှု သင်တန်း (First Responder Course) များကို လိုအပ်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အရေးပေါ်ကုသမှုဆိုင်ရာ သင်တန်းများသည် စာတွေ့သာမက လက်တွေ့ကျွမ်းကျင်မှုတွင် လိုအပ်သည့် သင်တန်းများဖြစ်သောကြောင့် သင်တန်းများ ဆောင်ရွက်ရာတွင်လည်း အရည်အသွေး ကောင်းမွန်စေရေးအတွက် ဆေးတက္ကသိုလ်များ၏ အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ပါမောက္ခများက ဦးဆောင်ပြီး သင်ကြားရေးအထောက်အကူပြုပစ္စည်းများ အပြည့်အစုံဖြင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ နှင့်အညီ သင်ကြားပေးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ Emergency Care Training & Basic Life Support (BLS) Training များကို စဉ်ဆက် မပြတ်ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်တိုးတက်မှုနှင့်အညီ ပိုမိုတိုးချဲ့ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၆) ဦးမျိုးသန့်၏ လယ်ယာမြေနည်းဥပဒေ ၂ဝ၁၂ အမိန့်ကြော်ငြာစာ အမှတ် ၂/၂ဝ၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁ဝ၃၊ ပုဒ်မ ၁ဝ၄၊ ပုဒ်မ ၁ဝ၆ ၏ ပုဒ်မခွဲ(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉) ဒေါ်ကျင်သိန်းက အခန်း(၁၂) ပုဒ်မ (၁၀၃)တွင် “နှစ်စဉ်နှစ်တိုင်းပြောင်းလဲ လေ့ရှိသဖြင့် ပေါ်ထွန်းသော မြေနုကျွန်း၊ ကျွန်းမြေနှင့် စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို နှစ်စဉ်ချထားရမည်” ဟု ပါရှိပါကြောင်း၊ ရေကျ၍ ကျွန်းပြန်ပေါ်လာချိန်တွင် ပုံသဏ္ဌာန်၊ တည်နေရာများ ပြောင်းလဲသွားသော မြေနုကျွန်းမြေအသစ်များကိုသာ လုပ်ပိုင်ခွင့်ထားနိုင်သဖြင့် လုပ်ပိုင်ခွင့်ရသူအငြင်းပွားခြင်း ပြဿနာကို လျှော့ချနိုင်ရေးအတွက် “နှစ်စဉ်နှစ်တိုင်းပြောင်းလဲ လေ့ရှိသဖြင့် ပြောင်းလဲပေါ်ထွန်းလာသော မြေနုကျွန်းမြေအသစ်နှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို နှစ်စဉ်ချထားရမည်” ဟု ပြင်ဆင်ဖြည့်စွက်သင့်ပါကြောင်း။

 

ပုဒ်မ(၁၀၄)တွင် “မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို တစ်နှစ်တစ်ရာသီအတွက်သာ ချထားရမည်ဖြစ်ပြီး နှစ်စဉ် နွေထယ်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီ ကတည်းကပင် ကြိုတင်စီမံထားရမည်” ဟု ဖော်ပြ ထားပါကြောင်း၊ ထိုစာသားအစား “ရေကျ၍ ပြန်ပေါ်လာချိန်တွင် ပုံသဏ္ဌာန်တည်နေရာများ မပြောင်းလဲသည့်မြေနုကျွန်းကို မူလလုပ်ပိုင်ခွင့် ရထားသူအားခွင့်ပြုပြီး ပြောင်းလဲသွားသော မြေနုကျွန်းမြေအသစ်၏ လုပ်ပိုင်ခွင့်ကို စီးပွားရေးစစ်တမ်းအရ ထွန်ယက် စိုက်ပျိုးနိုင်သောအင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားရန်ဖြစ်ပြီး နှစ်စဉ်နွေထယ်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီကတည်းကပင် ကြိုတင်စီမံထားရမည်” ဟု ပြင်ဆင်ပေးစေလိုပါကြောင်း၊ ထိုသို့ ပြင်ဆင်ခြင်းဖြင့် မူလလုပ်ကိုင်သူ အခွင့်အရေးအား မထိခိုက်မနစ်နာစေရန်နှင့် မြေနုကျွန်းမြေအသစ် လုပ်ပိုင်ခွင့်ရရှိသူအား ပိုင်ရှင်အငြင်းပွားမှုမရှိဘဲ အရှုပ်အရှင်းကင်းစွာ လုပ်ကိုင်ခွင့်ရရှိစေမည်ဖြစ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။

 

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးရန်နိုင်ဝင်းက နည်းဥပဒေပုဒ်မ (၁၀၃) နှင့် (၁၀၄) ပါ “တစ်နှစ် တစ်ရာသီလုပ်ပိုင်ခွင့်” စနစ်ကြောင့် တောင်သူများ ဘဝအာမခံချက် ပျောက်ဆုံးနေပါကြောင်း၊ မြေနုကျွန်းမြေ ခွဲဝေရရှိထားသော တောင်သူများ၏ စိုက်ပျိုးလုပ်ပိုင်ခွင့်၊ ဆက်ခံပိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်အာမခံချက် ပိုမိုခိုင်မာလာစေရန် ဥပဒေတွင် “သင့်လျော်သော ကာလအပိုင်းအခြား သို့မဟုတ် ရေရှည်လုပ်ပိုင်ခွင့်” အဖြစ် ပြောင်းလဲကာ တိကျစွာ ပြဋ္ဌာန်းပေးသင့်ပါကြောင်း။

 

နည်းဥပဒေပုဒ်မ ၁၀၆ (က) ၏ ပြဋ္ဌာန်းချက်ဖြစ်သော “ယခင်နှစ်က လုပ်ပိုင်ခွင့် ချထားပေးခဲ့မှုကို ထည့်သွင်းစဉ်းစားနိုင်သော်လည်း ယင်းအချက်ကို အဓိကအခြေခံခြင်း မပြုရ” ဟူသော ဝေဝါးချက်ကြောင့် မကြာခဏ တိုင်ကြားစာများ၊ အငြင်းပွားမှု များ ဖြစ်ပွားနေရပါကြောင်း၊ ထိုကိစ္စရပ်များ မြေပြင်တွင် ဖြေရှင်းနိုင်ရန်အတွက် မြေနုကျွန်းမြေခွဲဝေခြင်း လုပ်ငန်းစဉ်များတွင် ဒီမိုကရေစီစံနှုန်းများနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၌ တောင်သူကိုယ်စားလှယ်များ ပိုမိုပါရှိစေခြင်း၊ ပွင့်လင်းမြင်သာစွာ ကြေညာ၍ ခွဲဝေခြင်း စသည့် စိစစ်မှုဆိုင်ရာ နည်းဥပဒေပုဒ်မခွဲ(စ) အပါအဝင် အချက်အလက်များကို ပိုမိုတင်းကျပ်ပြတ်သားစွာ ထည့်သွင်းပြဋ္ဌာန်း သင့်ပါကြောင်း။

 

နည်းဥပဒေပုဒ်မ(၁၁၂) တွင် လုပ်ပိုင်ခွင့်ရသူများ လိုက်နာရမည့်စည်းကမ်းချက်များနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားရာတွင် အသုံးအနှုန်းများနှင့် အချို့သော စကားရပ်များသည် စာသားအရ ကျယ်ပြန့်လွန်းပြီး တိကျပြတ်သားမှု မရှိသောကြောင့် မပြတ်သားသော စကားလုံးများနှင့် ဝေဝါးနေသော ပုဒ်မခွဲများကို ခေတ်စနစ်နှင့်အညီ တိကျပြတ်သားသော စကားလုံးများအဖြစ်သို့ ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ပါရန်အဆိုအား ထောက်ခံဆွေးနွေးသည်။

 

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေ က နည်း ဥပဒေ (၁၀၃) ပါ အချက်မှ ပေါ်ထွန်းလာသော မြေနုကျွန်းများသည် နှစ်စဉ်တည်နေရာ ပုံသဏ္ဌာန်အားဖြင့် ပြောင်းလဲလေ့ရှိသဖြင့် “ပြောင်းလဲ” ပေါ်ထွန်းလာသော မြေနုကျွန်းမြေ “အသစ်” ဟု စကားလုံး ပြောင်းလဲသုံးစွဲခြင်းဖြင့် အဓိပ္ပာယ်အရ လုပ်ပိုင်ခွင့်ရသူ အငြင်းပွားမှုများ လျှော့ချနိုင်မည်ဖြစ်သောကြောင့် သင့်မြတ်မှုရှိပါကြောင်း။

 

နည်းဥပဒေ(၁၀၄) အရ ပြောင်းလဲခြင်းမရှိသော မြေနုကျွန်းများလုပ်ပိုင်ခွင့်ကို မူလလုပ်ကိုင်ခွင့် ရထားသူအား လုပ်ခွင့်ပြုခြင်း၊ ပြောင်းလဲသွားသော မြေနုကျွန်းအသစ်များကို ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့သူရင်းငှားများကို လုပ်ကိုင်ခွင့်ပေးရေးအဆိုသည် မူလလုပ်ကိုင်သူအခွင့်အရေးကို မထိခိုက်စေဘဲ မြေအသစ်လုပ်ပိုင်ခွင့် ရရှိသည့်သူများလည်း ပိုင်ရှင်အငြင်းပွားမှုမရှိဘဲ အရှုပ်အရှင်းကင်းစွာ လုပ်ကိုင်နိုင်မည်ဖြစ်သော ကြောင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် အမှတ်(၆) ဒေါ်အေးချမ်းမုံ က ၂၀၁၂ လယ်ယာ မြေဥပဒေ၊ နည်းဥပဒေများအရ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီသည် နိုင်ငံတော်အား ကိုယ်စားပြု၍ လယ်ယာမြေလုပ်ပိုင်ခွင့်များကို ချထားခြင်း၊ ပြောင်းလဲခြင်း၊ ရုပ်သိမ်းခြင်း၊ အငြင်းပွားမှုများကို စီမံဆုံးဖြတ်ခြင်း စသဖြင့်အရေးကြီးသော မြေယာစီမံခန့်ခွဲမှုလုပ်ပိုင်ခွင့်များကို အပ်နှင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ဥပဒေက လုပ်ပိုင်ခွင့်များကို အပ်နှံထားသော်လည်း ထိုလုပ်ပိုင်ခွင့်ကို ကျင့်သုံးမည့် အဖွဲ့အစည်းများ၏ ဥပဒေဆိုင်ရာကျွမ်းကျင်မှု၊ တရားမျှတစွာဖြင့် ဘက်မလိုက်ဘဲ ဆုံးဖြတ်နိုင်မှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို လုံလောက်စွာ အာမခံထားနိုင်ခြင်း ရှိ၊ မရှိသည် ပြန်လည်သုံးသပ်သင့်သည့် ကိစ္စရပ်တစ်ခု ဖြစ်လာပါကြောင်း။

 

အချို့ဒေသများတွင် ဥပဒေကိုနားလည်မှု မလုံလောက်ခြင်းကြောင့်ဖြစ်စေ၊ ဥပဒေကို နားလည် သော်လည်း ကိုယ်ကျိုးစီးပွားအရ ဥပဒေကို မျက်ကွယ်ပြုခြင်းကြောင့်ဖြစ်စေ၊ မြေနုကျွန်း လုပ်ပိုင်ခွင့် ခွဲဝေမှုများနှင့် စပ်လျဉ်း၍ တောင်သူလယ်သမားများအကြား အငြင်းပွားမှုများ၊ တိုင်ကြားမှုများနှင့် တရားစွဲဆိုမှုများ တိုးပွားလာနေသည်ကို မြင်တွေ့နေရပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေနည်းဥပဒေ အခန်း (၁၂) ပါ ပုဒ်မ ၁၀၃၊ ၁၀၄၊ ၁၀၆ နှင့် ၁၁၂ တို့ကို ပြင်ဆင် ရာတွင် လုပ်ငန်းစဉ်များ ပိုမိုပွင့်လင်းမြင်သာစေရေး၊ ရပ်ကွက်/ကျေးရွာအဆင့် စိစစ်ဆုံးဖြတ်မှုများတွင် တာဝန်ခံမှုနှင့် တာဝန်ယူမှုကို ပိုမိုခိုင်မာစေရေး၊ ဆုံးဖြတ်ချက်များအပေါ် လွတ်လပ်သည့် ပြန်လည် သုံးသပ်မှုနှင့် အယူခံစနစ်များ ပိုမိုပြည့်စုံစေရေးတို့ကို ထည့်သွင်းပြင်ဆင်သင့်ပါကြောင်း၊ ထိုသို့ ပြင်ဆင်နိုင်မှသာ မြေနုကျွန်းလုပ်ပိုင်ခွင့် ချထားပေးခြင်းသည် ဥပဒေနှင့်အညီ၊ တရားမျှတမှုရှိပြီး တောင်သူလယ် သမားများ၏ ယုံကြည်မှုကိုရရှိသည့် စနစ်တစ်ခုအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။

 

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဒေါ်ဇင်ပပဦး က ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် မြေနုကျွန်းမြေ လုပ်ပိုင်ခွင့်ကို ပြဋ္ဌာန်းထားခဲ့သော်လည်း မြေနုကျွန်းမြေများကို လုပ်ကိုင်ခွင့်ချထားပေးရာတွင် ပွင့်လင်းမြင်သာစွာ ရွေးချယ်ရန် လိုအပ်ပါကြောင်း၊ တစ်နှစ် တစ်ရာသီသာ လုပ်ပိုင်ခွင့်ရသော မြေနုကျွန်းမြေကို လုပ်ပိုင်ခွင့်ပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိသေးသည့်အတွက် အမှန်တကယ်လုပ်ကိုင်သော လယ်မဲ့၊ ယာမဲ့ သူရင်းငှားများသည် လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်း မရှိ ခဲ့ပါကြောင်း။

 

လယ်ယာမြေဥပဒေ၊ နည်းဥပဒေ ပုဒ်မ ၁၀၆(င) တွင် တောင်သူလယ်သမား အိမ်ထောင်မိသားစုတစ်ခု အတွက် သတ်မှတ်လျာထားသည့် ဧရိယာအတိုင်း အကွက်များရိုက်၍ အမှတ်စဉ်တပ်ထားရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထိုကဲ့သို့ အကွက်များရိုက် ထားသော မြေနုကျွန်းမြေကို နည်းဥပဒေပုဒ်မ ၁၀၆ (ခ)အရ အဆိုပါမြေနုကျွန်းမြေနှင့် အနီးကပ်ဆုံး သတ်မှတ်သည့် ကျေးရွာမှ လုပ်ပိုင်ခွင့်ရှိသူအားလုံး၏ အမည်စာရင်းကို ပွင့်လင်းမြင်သာစွာကြေညာ၍ အမှတ်စဉ်များကို စနစ်တကျမဲစနစ်ဖြင့် ရွေးချယ်လုပ် ပိုင်ခွင့်ပေးနိုင်မှသာ ကျွန်းနုမြေအသစ်များအတွက် တည်နေရာ၊ ပုံသဏ္ဌာန်ပြောင်းသွားသော်လည်း အငြင်းပွားမှုမရှိဘဲ တောင်သူများအနေဖြင့် လုပ်ကိုင်ခွင့်ရရှိ လိမ့်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ မြေနုကျွန်းမြေလုပ်ပိုင် ခွင့်ချထားရေးအတွက် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဇူလိုင် ၂၂ ရက်တွင် ကျင်းပမည့် ၂၀ ရက်မြောက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ဇူလိုင် ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်