နေပြည်တော် ဇူလိုင် ၈
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၅ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ဦးမောင်စိန်၏ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် သဲချောင်းကျေးရွာအုပ်စုအကြားရှိ အလျား ၂၅ပေ၊ အနံ ပေ ၂၀၊ အမြင့် (၁၀) ပေ ရှိသော ကျေးရွာချင်းဆက်တံတားမှာ ပြိုကျပျက်စီးလာပါသဖြင့် RC သံကူ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက အဆိုပါတံတားသည် ရေဖြူမြို့နယ် ကံပေါက်ဒေသသဲချောင်းကျေးရွာအုပ်စု သဲချောင်း-သပွတ် ချောင်းကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက စီမံခန့်ခွဲသည့် လမ်းပိုင်းတွင်ပါဝင်ပါကြောင်း၊ ယင်းလမ်းပိုင်းပေါ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်လမ်း ၃မိုင် ၂ ဖာလုံ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆိုပါတံတားနေရာသို့ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်၍ အသေးစိတ်ကွင်းဆင်းစိစစ်ရန် လတ်တလောလုံခြုံရေးအခြေအနေအရ ခက်ခဲလျက်ရှိပါကြောင်း၊ သို့ပါ၍ အဆိုပါ RC သံကူကွန်ကရစ်တံတား ပြန်လည်တည်ဆောက်ပေးနိုင်ရေးအတွက် နယ်မြေလုံခြုံရေးအခြေအနေ ကောင်းမွန်မှသာ မြေပြင်ကွင်းဆင်း စိစစ်၍ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေဖြင့် နီးစပ်ရာဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးခဲချိန်၏ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ နမ္မတီး-တနိုင်း-ပန်ဆောင် (လီဒို) လမ်း၊ နန်းယွန်း-ပန်ဆောင်ကြားမှ နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် လမ်းပိုင်း (၁၇/၀) မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးက နန်းယွန်း - ပန်ဆောင် ၃၅/၀ မိုင် လမ်းပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နမ္မတီး-တနိုင်း-ပန်ဆောင်(လီဒို) လမ်း ၁၉၅မိုင် ၁ ဖာလုံရှိသော [National Highway-အမှတ် (၄၉) လမ်းတွင် ပါဝင်ပါကြောင်း၊ နန်းယွန်း-ပန်ဆောင် ၃၅/၀ မိုင်ကို နယ်စပ်ရေးရာဝန်ကြီး ဌာနရန်ပုံငွေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ၎င်းလမ်းပိုင်းသည် မြို့နယ်ချင်းဆက်လမ်းဖြစ်၍ ၂၀၁၆ ခုနှစ်တွင် မိုင်တိုင်အမှတ် (၀/၀) မှ (၁၂/၀) အထိနှင့် မိုင်တိုင်အမှတ် (၂၉/၀) မှ (၃၅/၀) အထိ၊ စုစုပေါင်း ၁၈/၀ မိုင်အား ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် မိုင်တိုင် အမှတ် (၁၂/၀) မှ (၂၉/၀)ထိ ၁၇/၀ မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးရှိ နန်းယွန်း-ပန်ဆောင် ၃၅/၀ မိုင် လမ်းပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နမ္မတီး-တနိုင်း-ပန်ဆောင် (လီဒို) လမ်းပိုင်းတွင် ပါဝင်ခြင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချိတ်ဆက်ဆောင်ရွက်မည့်လမ်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုအတွက် တန်ချိန်များပြားသည့် ယာဉ်ကြီးများဖြတ်သန်းသွား လာမည်ဖြစ်၍ လမ်းပိုင်း၏ သတ်မှတ်ချက်အဆင့်နှင့် သင့်လျော်သည့် လမ်း/တံတားလုပ်ငန်းများအဆင့် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ခြင်းတို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းရယူ ဆောင်ရွက်သင့်ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး သဘောတူညီပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၉) ဒေါက်တာ နိုင်လင်း၏ ကယားပြည်နယ်တွင် ကာလရှည်ကြာစွာ စစ်ဘေးဒဏ်များ ခံစားခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မဟာဗျူဟာစီမံကိန်းများ ချမှတ်ရေးဆွဲပြီး အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ငန်းစဉ်များကို ချမှတ်ရေးဆွဲပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂၄၉ သန်းကျော်အား ကယားပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေသို့ လွှဲပြောင်းပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် နေရပ်စွန့်ခွာသူများသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ လွိုင်ကော်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ငွေကျပ် ၉၃၆ သန်းကျော်ကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ်စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာဖိုး၊ ပျက်စီးနေအိမ်များအတွက် သတ်မှတ်ထောက်ပံ့ကြေး၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရေ ကျန်းမာရေးသုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည်တို့ကို ထောက်ပံ့ထားရှိမှုသည် စုစုပေါင်း ငွေကျပ် ၇၃၆ သန်းခန့်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထိခိုက်လွယ်အုပ်စုဝင် ၆၅၉၂ ဦးတို့အား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၁၉၇ ဒသမ ၇၆ သန်းထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့အတူ ကယားပြည်နယ် အစိုးရအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင် ထောက်ပံ့ငွေကျပ် ၁၇ ဒသမ ၉၅၇ သန်း၊ ဆန်အိတ် ၄၁၂ အိတ်၊ ဆီ ၄၃၆ ပိဿာကိုလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆန်အိတ် ၇၄၀၊ ဆီ ၉၂၄ ပိဿာကိုလည်းကောင်း ထောက်ပံ့ခဲ့ပါကြောင်း။
ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အနေဖြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းများ၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ၊ စက်ချုပ်နည်းပညာသင်တန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒေသတွင်းအသေးစားလုပ်ငန်းအဖြစ် ထူထောင်လိုပါက လုပ်ငန်းလိုင်စင်လျှောက်ထားပေးခြင်း၊ ထုတ်ကုန်များအား ဈေးကွက်ရရှိရေးနှင့် ဓာတ်ခွဲစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့ပြင် ပုဂ္ဂလိကစက်မှုလုပ်ငန်း ၂၇၉ ခုအား မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ခြင်းနှင့် မြို့တွင်းလည်ပတ်နေသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်း ၇၇ ခု၊ လွိုင်ကော်စက်မှုဇုန်တွင် လည်ပတ်နေသည့်လုပ်ငန်း ၉ ခုတို့တွင် ဒေသတွင်းလုပ်သားများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း။
ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ပြန်လည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဟိုတယ်/တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ယခုအခါ ဟိုတယ် ၃ လုံးနှင့် စည်ပင်တည်းခိုခန်း ၇ လုံး ပြန်လည်ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ၁၂ ခု သို့ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပါကြောင်း။
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသရှိလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ၂၀၂၆ခုနှစ် အောက်တိုဘာတွင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သင်တန်းနှင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာတွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း ၃ မျိုးကိုလည်း ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
အခြားစီးပွားရေးကဏ္ဍများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးကဏ္ဍများ၌ သမဝါယမအသင်း ၁၅ သင်း၊ တောင်သူ ၃၉၂ ဦးကို ငွေကျပ် သန်း ၃၁၀ ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေကျပ် ၃၆၉ ဒသမ ၅ သန်း၊ တောင်သူ အစုအဖွဲ့ ၁၆၉ ဖွဲ့၊ တောင်သူ ၁၄၅၁ ဦး၊ လယ်မြေ ၁၉၁၃၄ ဒသမ ၅ ဧကအတွက် ငွေကျပ် ၄၁၂၄ ဒသမ ၆၅ သန်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ငါးမွေးမြူရေးကဏ္ဍအနေဖြင့်လည်း ငွေကျပ် ၃၀၁ သန်းနှင့် ကြက်၊ ဝက်နှင့် ဒေသနွားမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် ၂၂၆၀ ဒသမ ၄ သန်းကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း စိုက်ပျိုးရေးတောင်သူ ၅၇၇ ဦး၊ စိုက်ဧက ၅၅၈ ဒသမ ၇ ဧကအတွက် ချေးငွေကျပ် ၂၇၉၃ ဒသမ ၅ သန်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထပ်မံထုတ်ချေးပေးရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ဒေသပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဒေသ၏ ပထဝီဝင်ရေမြေအနေအထား၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရရှိနိုင်သော ဒေသအရင်းအမြစ်များနှင့် နိုင်ငံ၏ လက်ရှိအနေအထားပေါ်မူတည်၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ကဏ္ဍအလိုက် ဦးစီးဦးဆောင်၍ စီမံကိန်း/စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းများနှင့် စပ်လျဉ်း၍ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် မဟာဗျူဟာစီမံကိန်းများ ပူးပေါင်းရေးဆွဲဆောင်ရွက်မှုမရှိပါကြောင်း၊ သို့သော် အဆိုပါစီမံကိန်း/စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ လုပ်ငန်းတာဝန် (Mandated) များအလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဒေါ်သိင်္ဂီဝင်းရွှေ၏ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်တွင် စစ်ဘေးဒဏ်ကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး မိမိတို့မြို့ပေါ်တွင် ပြန်လည်အခြေချနေထိုင်လျက်ရှိကြသော စစ်ဘေးရှောင်ပြည်သူများအား နိုင်ငံတော်အစိုးရအနေဖြင့် စားနပ်ရိက္ခာနှင့် နေထိုင်မှုအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက နယ်မြေအခြေအနေကြောင့် နေရပ်စွန့်ခွာနေထိုင်ရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ထောက်ပံ့ပေးခဲ့ရာ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးရှိ နေရပ်စွန့်ခွာသူများအတွက် ငွေကျပ် ၁၈၃၃၆ ဒသမ ၄၈ သန်းထောက်ပံ့ခဲ့ပါကြောင်း၊ ထို့ပြင် ပြန်လည်နေထိုင်လျက်ရှိကြသူများ ယာယီနေထိုင်ရန်အတွက် မိုးကာတဲ၊ မိုးကာစနှင့် တာပေါ်လင်လိပ်များကိုလည်း ထောက်ပံ့ပေးခဲ့ပါကြောင်း။
ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးရှိ နေရပ်စွန့်ခွာသူများ၊ နယ်မြေတည်ငြိမ်အေးချမ်းလာသဖြင့် ပြန်လည်နေထိုင်သူများ၊ ပျက်စီးနေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ရန်ပုံငွေနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၆၅၃ သန်းကျော် ထောက်ပံ့ခဲ့ပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်မှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကောလင်းခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင်များအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဆံ စသည့်အစားအစာရိက္ခာများ ထောက်ပံ့ပေးခဲ့ရာ စုစုပေါင်းငွေကျပ် ၂၀၃၃ ဒသမ ၃၁ သန်း ထောက်ပံ့ပေးခဲ့ပါကြောင်း။
ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အတွင်း ပြန်လည်ဝင်ရောက် နေထိုင်သူများအနေဖြင့် ထောက်ပံ့မှုများ ရရှိနိုင်ရေးနှင့် ထောက်ပံ့မှုမကျန်ရှိစေရေးတို့အတွက် ပြန်လည်ရောက်ရှိနေထိုင်ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများမှတစ်ဆင့် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက စာရင်းများတင်ပြလာပါက ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သတ်မှတ်နှုန်းထား၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိအချိန်တွင်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။
ယင်းနောက် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်နွယ်နွယ်ဦးက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးဇင်မင်းထက်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိရန်နှင့် အမျိုးသားလွှတ်တော်က ယခုတင်ပြချက်ဖြင့် ပြန်လည်အတည်ပြုထားသော ဥပဒေကြမ်း၏အပိုဒ်၊ အပိုဒ်ခွဲများမှအပ ကျန်ရှိသော အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုပေးပါရန် တင်ပြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ၍ အတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့် အချက် ၃၀ ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၅) ဦးမျိုးမင်းနောင်က အဆိုတင်သွင်းရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်ဆုံးဖြတ်ကြောင်း ကြေညာသည်။
ယင်းနောက် မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များ စနစ်တကျကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့် အဂတိကို ထိရောက်စွာ အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၆) ဒေါ်အေးချမ်းမုံက အခွန်စနစ်သည် ဝင်ငွေကောက်ခံရေးစနစ်တစ်ခုသာ မဟုတ်ဘဲ နိုင်ငံတော်နှင့်ပြည်သူအကြား ယုံကြည်မှုကို တည်ဆောက်ပေးသော ယန္တရားတစ်ခုလည်းဖြစ်ပါကြောင်း၊ အခွန်စီမံခန့်ခွဲရေးကဏ္ဍအတွင်း အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာပါက နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးရုံသာမက ဥပဒေကိုလိုက်နာသော အခွန်ထမ်းများအပေါ် မမျှတမှုများ ဖြစ်ပေါ်စေပြီး ပြည်သူများ၏ အခွန်စနစ်အပေါ် ယုံကြည်မှုကိုလည်း လျော့နည်းစေပါကြောင်း၊ အခွန်ထမ်းများအနေဖြင့် အခွန်သတ်မှတ်ခြင်းဆိုင်ရာ စံနှုန်းများကို လွယ်ကူစွာမသိရှိရခြင်းသည် အဂတိဖြစ်ပေါ်နိုင်သည့် အခြေအနေများကို ဖြစ်စေနိုင်သော အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါကြောင်း။
အခွန်တွက်ချက်မှုဆိုင်ရာ စံနှုန်းများ၊ နှုန်းထားများနှင့် တွက်ချက်ပုံများကို ပြည်သူများအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးပြီး အခွန်ထမ်းတိုင်း မိမိအမှန်တကယ်ပေးဆောင်ရမည့် အခွန်ပမာဏကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဆောင်ရွက်ထားသင့်ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ဒီဂျစ်တယ်ဝန်ဆောင်မှုများကို ကုမ္ပဏီများသာမက တစ်ဦးချင်းအခွန်ထမ်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများပါ အလွယ်တကူအသုံးပြုနိုင်စေရန်အတွက် အသုံးပြုနည်းများကို ပိုမိုရိုးရှင်းအောင် ပြင်ဆင်သင့်ပါကြောင်း။
အခွန်ဝန်ထမ်းများ၏ ကျင့်ဝတ်၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့် ဒီဂျစ်တယ်နည်းပညာ အသုံးချနိုင်စွမ်းကို စဉ်ဆက်မပြတ် မြှင့်တင်ပေးသင့်သကဲ့သို့ အခွန်ထမ်းများအတွက်လည်း အခွန်ဥပဒေနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများ အသုံးပြုနည်းဆိုင်ရာ ပညာပေးအစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ပါကြောင်း၊ အခွန်ထမ်းများအတွက် ယုံကြည်ရသော အခွန်စနစ်တစ်ရပ်ဖြစ်ပေါ်လာပါက နိုင်ငံတော်၏ အခွန်ဝင်ငွေများ တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်မာလာဆန်းက အခွန်ကောက်ခံမှုစနစ်ကို ဒီဂျစ်တယ်စနစ်သို့ ရာနှုန်းပြည့်ပြောင်းလဲ (Digitalization & E-Tax System)ပါက ပြည်သူများ အခွန်ရုံးသို့ လူကိုယ်တိုင်သွားရောက်ရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်း သို့မဟုတ် ဝက်ဘ်ဆိုက် (Web Portal) မှတစ်ဆင့် အလွယ်တကူ အခွန်တွက်ချက်ခြင်းနှင့် ပေးဆောင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည့် Mobile Tax Application ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်နှင့် ချိတ်ဆက် (E-Payment Integration) ပါက အခွန်ငွေများကို ငွေသား (Cash) ဖြင့် ကောက်ခံခြင်းထက် ဘဏ်စနစ် (Mobile Banking, iBanking, QR Code Payment) များဖြင့်သာ တိုက်ရိုက်ပေးဆောင်စေသည့် စနစ်ကို ကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ အခွန်ထမ်းပြည်သူများ၏ အခွန်ငွေများသည် နိုင်ငံတော်ဘဏ္ဍာအတွင်းသို့ တိုက်ရိုက်၊ ချက်ချင်းနှင့် ရာနှုန်းပြည့်ရောက်ရှိစေမည်ဖြစ်ပါကြောင်း။
အခွန်နှုန်းထားနှင့် လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းအောင်လျှော့ချ (Simplification of Tax Code) ပါက သမားရိုးကျလုပ်ငန်းရှင်များနှင့် ပြည်သူများ နားမလည်နိုင်သည့် ရှုပ်ထွေးသော အခွန်တွက်ချက်မှု ပုံသေနည်းများကို ရိုးရှင်းလွယ်ကူအောင် ပြင်ဆင်ပြီး အခွန်အမျိုးအစားများ တစ်နေရာတည်းတွင် တစ်ပါတည်းပေးဆောင်နိုင်မည့် One Stop Service (OSS) များကို မြို့နယ်အဆင့်အထိ ဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူများသည် အခွန်ပေးဆောင်ခြင်းကို ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ ဂုဏ်ယူစရာတာဝန်တစ်ခုအဖြစ် ခံယူလာနိုင်ပြီး အခွန်ရှောင်လို စိတ်ကိုလျှော့ချနိုင်မည်ဖြစ်ပါကြောင်း။
စောင့်ကြည့်စစ်ဆေးရေးစနစ် ထူထောင်ရန် (Transparency & Feedback Mechanism) လိုအပ်ပါကြောင်း၊ ပြည်သူများ တိုက်ရိုက်တိုင်ကြားနိုင်မည့် အွန်လိုင်းအဂတိတိုင်ကြားမှုစနစ် (Online Complaint Portal) ထားရှိမည်ဆိုပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ထိရောက်စွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်းနှင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) စိုင်းဝင်းခိုင်က ပြည်သူများသည် နိုင်ငံတော်၏အခွန်ကို အပြည့်အဝပေးဆောင်ချင်ကြသော်လည်း လက်ရှိရှုပ်ထွေးနေသည့် အခွန်ထည့်သည့် စနစ်များကြောင့် နိုင်ငံတော်အခွန်များ နစ်နာထိခိုက်မှုများ ကြုံတွေ့နေရပါကြောင်း၊ ပြည်ထောင်စုအခွန်အကောက်စနစ်အား ခေတ်နှင့်လျော်ညီစွာ လွယ်ကူသည့် One Stop Service ဖြင့် ဆောင်ရွက်ပြုပြင်ပေးစေလိုပါကြောင်း၊ အစိုးရဝန်ထမ်းများ အဂတိတရားကင်းစင်မှသာ ဝန်ထမ်းကောင်းများ ဖြစ်လာပြီး အစိုးရကောင်းတစ်ရပ်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသောကြောင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဒေါ်နော်ဖလောရင့်ဒယ်နီက အဂတိဆိုသည်မှာ အများပြည်သူအကျိုးစီးပွားအတွက် အပ်နှံထားသော အာဏာ၊ ရာထူး (သို့မဟုတ်) လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခြင်းဖြစ်ပါကြောင်း၊ အဂတိတရားများပြားသော နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်းနည်းပါးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါကြောင်း၊ အဂတိတိုက်ဖျက်ရေးကို အစိုးရအဖွဲ့အစည်းများ၊ ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူရမည်ဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများကို လက်မခံသော ယဉ်ကျေးမှုတစ်ရပ် တည်ဆောက်နိုင်မှသာ သန့်ရှင်းကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။
ထို့ပြင် အဂတိနှင့်ပတ်သက်သည့် တိုင်ကြားမှုများကို လုံခြုံစိတ်ချစွာ လက်ခံနိုင်သည့် စနစ်များ တည်ဆောက်ရန်လည်းလိုအပ်ပါကြောင်း၊ သတင်းပေးတိုင်ကြားသူများကို ဥပဒေအရအကာအကွယ်ပေးနိုင်မှသာ အဂတိများကို ဖော်ထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိတိုက်ဖျက်ရေးသည် စီးပွားရေးမူဝါဒကောင်းများ ချမှတ်ခြင်းကဲ့သို့ပင် အရေးကြီးသော ဖွံ့ဖြိုးရေးမဟာဗျူဟာတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိတရားကို တိုက်ဖျက်ရာတွင် ပြစ်ဒဏ်ပေးခြင်း တစ်ရပ်တည်းဖြင့်မလုံလောက်ဘဲ ကာကွယ်တားဆီးရေးနှင့် အသိပညာပေးရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိတရားတိုက်ဖျက်ရေးသည် ဥပဒေစိုးမိုးရေးကိစ္စတစ်ခုတည်းသာမဟုတ်ဘဲ နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက် မှုနှင့် တိုက်ရိုက်ဆက်စပ်နေသော အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါသောကြောင့် အဆိုအားထောက်ခံ့ပါကြောင်း ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဒေါ်ဇင်ပပဦးက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များ စနစ်တကျကောက်ခံရရှိရေးသည် အဓိကကျသည့်အတွက် ပြည်သူများ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရမည်ဖြစ်သကဲ့သို့ ရရှိသောအခွန်များကို အစိုးရအနေဖြင့် နိုင်ငံတော်အတွက် ပြန်လည်အသုံးပြုရခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြည်သူများထံမှ အခွန်များကောက်ခံရာတွင် ယခင်က သတ်မှတ်ထားသော အခွန်နှုန်းထားများသည် ခေတ်ကာလနှင့် မညီညွတ်သည့်အတွက် ယနေ့ခေတ် ကာလနှင့်ကိုက်ညီသော အခွန်နှုန်းထားများသို့ ပြောင်းလဲ၍ ကောက်ခံသင့်ပါကြောင်း။
အခွန်တိမ်းရှောင်သူများကြောင့် ရသင့်ရထိုက်သည့် အခွန်များမရရှိဘဲ အဂတိကြောင့် နိုင်ငံတော်တွင် အခွန်ဝင်ငွေများ နစ်နာဆုံးရှုံးလျက်ရှိပါကြောင်း၊ အဂတိကင်းရှင်းအောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေတိုးတက်လာမည်ဖြစ်သောကြောင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးစိုးကြည်က မြန်မာနိုင်ငံတွင် အခွန်စနစ်ပိုမိုအားကောင်းလာစေရန်နှင့် အဂတိလိုက်စားမှုကို ထိရောက်စွာ လျှော့ချနိုင်ရေးသည် ရေရှည်တည်ဆောက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး အပြန်အလှန်ချိတ်ဆက်နေသည့် ကိစ္စရပ်များ ဖြစ်ပါကြောင်း၊ အခွန်ကောက်ခံမှု စနစ်တကျမရှိလျှင် အဂတိလိုက်စားမှုဖြစ်နိုင်ခြေပိုများပြီး အဂတိများနေပါက နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ငွေများ ဆုံးရှုံးနေမည်ဖြစ်ပါကြောင်း။
နည်းပညာသုံးအခွန်စနစ်သို့ ပြောင်းလဲခြင်း (Digitalization) သည် လူနှင့်လူတိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို လျှော့ချခြင်းဖြင့် အဂတိတရားကို တားဆီးနိုင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ အခွန်ထမ်းဆောင်လိုသူများအနေဖြင့် အခွန်ရုံးများကို ကိုယ်တိုင်သွားစရာမလိုဘဲ Onlineမှ ပွင့်လင်းမြင်သာစွာ တွက်ချက်၍ Electronic စနစ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားကောင်းအောင်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ အခွန်နှုန်းထားများနှင့် အခွန်ကင်းလွတ်ခွင့်များကို ရှုပ်ထွေးမှုမရှိစေဘဲ ရှင်းလင်းလွယ်ကူအောင် ပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာဝန်ထမ်းများက မိမိသဘောအတိုင်း ဆုံးဖြတ်နိုင်ခွင့်ကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။
ကောက်ခံရရှိသော အခွန်ငွေကို မည်သည့်နေရာများတွင် ပြန်လည်အသုံးပြုနေသည်ကို ပြည်သူလူထုသိသာမြင်သာအောင် အစီရင်ခံစာထုတ်ပြန်ပေးခြင်းသည် ပြည်သူလူထုအား အခွန်ပေးဆောင်လိုစိတ်ကို မြှင့်တင်ပေးနိုင်ပြီး အစိုးရအပေါ်ယုံကြည်မှု ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကျန်ရှိသည့်လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဇူလိုင် ၁၀ ရက်တွင်ကျင်းပမည့် ၁၅ ရက်မြောက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဇူလိုင် ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


