တရုတ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ အသင်း ယှဉ်ပြိုင်မည်

နေပြည်တော်  ၂၇ မတ်

 

တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် တရုတ် ဖိတ်ခေါ် ယူ-၁၆ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဧပြီ ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းလေးသင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အသင်းအပြင် မြန်မာ၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ကစားရမည်ဖြစ်သည်။

 

ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် ဧပြီ ၆ ရက်တွင် တရုတ်အသင်း၊ ဧပြီ ၈ ရက်တွင် တာဂျစ်ကစ္စတန် အသင်း၊ ဧပြီ ၁၀ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် မတ်တတိယပတ်မှစ၍ စခန်းဝင် လေ့ကျင့်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား တာကူမူက ကိုင်တွယ်လျက်ရှိသည်။

 

မြန်မာအသင်းသည် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် အာရှ ယူ-၁၆ ခြေစစ်ပွဲအတွက် ပြင်ဆင်နေသော်လည်း အတွေ့အကြုံရစေရန် ဖိတ်ခေါ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၅ အသင်းသည် မူလက ဧပြီနောက်ဆုံးပတ်တွင် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ယင်းလတွင် တစ်လအတွင်း နိုင်ငံတကာပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၅ အသင်းကို အကယ်ဒမီများမှ ကစားသမားများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၄ ပြိုင်ပွဲမှ ခြေစွမ်းပြနေသည့် ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၅ အသင်းဖွဲ့စည်းရန် မတ်ဒုတိယပတ်က လူရွေးပွဲကျင်းပခဲ့ပြီး ကစားသမားများ ပြန်လည်ရွေးချယ်ထားခြင်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်