တရုတ်နယ်စပ်ဈေးကွက်တွင် မြန်မာ့ဖရဲ ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်း

မူဆယ်၊ ၁၈ ဒီဇင်ဘာ

မြန်မာဘက်မှ ဖရဲ၊  သခွားများ တရုတ်စျေးကွက်အတွင်း ယခုရက်ပိုင်း စျေးနှုန်းအနည်းငယ် ပြန်လည် ကျဆင်းနေကြောင်း သိရသည်။

ကိုဗစ်ရောဂါ မဖြစ်ပွားခင်  မြန်မာဘက်မှ  ဖရဲစိုက်ပျိုးရောင်းချသူ  များပြားခဲ့သော်လည်း  ကိုဗစ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ တရုတ်နယ်စပ်ဂိတ်များ အဝင်အထွက်အခက်အခဲကြောင့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နယ်မြေအတွင်းမှာရှိသည့် အရှေ့မြောက်တံခါးများနှင့် သက်ဆိုင်သော နှစ်နိုင်ငံ သစ်သီးရောင်းဝယ်ကွင်းမှ တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ရောင်းချနေရခြင်းကြောင့် လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ယခုနှစ်ဖရဲသခွားစိုက်ပျိုးသူ သိသိသာသာ လျော့နည်းသွား ခဲ့ကြောင်း သိရသည်။

ယခင်နှစ်တွေက ဒီလိုအချိန် ဒီလိုရာသီအစဆိုရင် မူဆယ်နယ်စပ်ကို ဖရဲ၊ သခွာကား အစီးရေ (၅၀၀) ကျော် (၁၀၀၀)ဝန်းကျင်လောက် နှစ်စဉ် ပုံမှန်ဝင်ရောက်နေတာဖြစ်ပြီး ယခုနှစ် ရာသီအစမှာ ဖရဲ၊ သခွား ကား ဝင်ရောက်မှုက ယခင်နှစ်တွေထက် သုံးပုံ နှစ်ပုံလောက် လျော့နည်းသွားခဲ့တယ်။ ဝင်ရောက် လာတဲ့ ဖရဲသီးကားတွေကလည်း အရင်တုန်းက ကျင်စန်းကျော့လမ်း၊ ပန်ဆိုင်း(ကြူကုတ်) လမ်းဘက် ကနေ  တရုတ်နိုင်ငံ ဝမ်တိန်မြို့ရှိ နှစ်နိုင်ငံ  အသီးရောင်းဝယ်ကွင်းကို ဝင်ရောက်ရတာဖြစ်တဲ့အတွက် ဖရဲသီးကားဆရာတွေအပါအဝင် ကုန်သည်ပွဲစားတွေ သွားလာရေး အခက်အခဲမရှိခဲ့ပေမယ့် အခုကိုဗစ် ဖြစ်ပြီးနောက် တရုတ်နိုင်ငံဘက်က  ဂိတ်အဝင်အထွက်တွေကို တားဆီးပိတ်ပင်တာတွေ၊ ကျန်းမာရေး စစ်ဆေး ဆောင်ရွက်တာတွေ၊ ကုန်တင်ယာဉ်တွေကို ပိုးသတ်ဆေးဖျန်းတာတွေ၊ ယာဉ်မောင်း အချိန်းအပြောင်းလုပ်တာတွေ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကုန်တင်ယာဉ်တစ်စီးကို အနည်းဆုံး ၁၀ မိနစ်လောက် အချိန်ကြန့်ကြာမှုတွေဖြစ်ပြီး တရုတ်ထဲကို ဖရဲကားဝင်ရောက်မှုက တစ်ရက်ကို အစီးရေ(၁၀၀)ဝန်းကျင်လောက်သာ  ဝင်ခွင့်ရခဲ့တဲ့အတွက် မူဆယ်နဲ့ ကျင်စန်းကျော့ ကျောက်တိုင်း လမ်းခွဲ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွေမှာ ဖရဲကားအစီးရေ (၃၀၀)ကျော် (၄၀၀) ဝန်းကျင်လောက် တရုတ်ထဲဝင်ဖို့အတွက်  အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရတယ်ဟု  အသီးအေးဂျင့် ဥက္ကဋ္ဌ ဦးစိန်မောင် ပြောသည်။

အစောပိုင်း ဝင်ရောက်လာတဲ့ ဖရဲသီးတွေက စျေးကောင်းရခဲ့ပါတယ်။ အခုကြတော့ ဖရဲကား ဝင်ရောက်မှုက တဖြည်းဖြည်းများလာပါတယ်။ အရည်အသွေးကြောင့်လားတော့မသိဘူး၊ တရုတ်ဘက် က အခုရက်ပိုင်း စျေးသိပ်မပေးတဲ့အတွက် ဖရဲစျေးက အနည်းငယ်လျော့သွားခဲ့ပါတယ်။  ကိုယ့်ဘက်က အရောင်အသွေးမရှိတဲ့ အသီးတွေ၊ အသီးနုတွေ ကြားညှပ်ပြီး တင်လာခဲ့တာတွေလည်းရှိလို့ပေါ့။ တရုတ်ဘက်ကလည်း အသီးကားဝင်ရောက်မှု များလာတာနဲ့ ဈေးကစားနေကြဖြစ်ပါတယ်။ ဒါကြောင့် ယခုရက်ပိုင်း ဖရဲသခွားစျေးက သိသိသာသာ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ အဓိက ‌ေတာ့ တရုတ်ထဲကို အစောတလျင် ဝင်ရောက်ရောင်းချနိုင်ဖို့က အရေးကြီးပါတယ်။ အခုဆို ဖရဲကားတွေက လမ်းမှာ ရပ်ထားရတာ အချိန်ကြာတော့ အသီးလည်းနာတယ်။ ကားဆရာနဲ့ ကုန်သည်ပွဲစားတွေလည်း အခက်အခဲဖြစ်ကြပါတယ်။ ကျွန်တော်တို့ အရှေ့မြောက်တံခါးကုမ္ပဏီက တာဝန်ရှိလူကြီးတွေနဲ့ ကုန်သည်ပွဲစားတွေကလည်း ၁၅ ဖွဲ့ လောက်အဖွဲ့ခွဲပြီး ဖရဲကားတွေ အမြန်ဆုံးဝင်ရောက်နိုင်ဖို့အတွက် ကျင်စန်းကျော့လမ်းပေါ်မှာ နေ့စဉ်လိုလို လမ်းရှင်းပေးနေရတာဖြစ်တယ်၎င်းက ဆက်ပြောသည်။

သစ်သီးအေးဂျင့်အဖွဲ့ခေါင်းဆောင် တစ်ယာက်ဖြစ်သည့်  ဦးစိုးခိုင်က မနှစ်ကတော့ ဖရဲစိုက်ပျိုးတဲ့ တောင်သူတွေအပါအဝင် ကုန်သည်ပွဲစားတွေ တော်တော်လေးရှုံးခဲ့ကြပါတယ်။ ဒီနှစ်တော့ ကိုဗစ်ကြောင့် ဖရဲစိုက်ပျိုးသူ လျော့နည်းသွားခဲ့သလို ယခုနှစ် အစောပိုင်းဝင်ရောက်လာတဲ့ ဖရဲသခွားတွေက စျေးကောင်း ရခဲ့ကြပါတယ်။ အခုရက်ပိုင်းတော့ တရုတ်က စျေးမပေးတဲ့အတွက် စျေးနှုန်း လျော့ကျသွားခဲ့ပါတယ်။ ယခင်က တရုတ်ထဲကို ကျင်စန်းကျော့နှင့် ပန်ဆိုင်းဘက်ကနေ နှစ်လမ်းမောင်းရတာ ဖြစ်တဲ့ အတွက် တော်တော်လေးအဆင်ပြေပါတယ်။ အခုတော့ တရုတ်က ပန်ဆိုင်းဘက်ကနေ ပေးမဝင်သလို ကျင်စန်းကျော့ဘက်က ဝင်တော့လည်း အချိန်ကြာတဲ့အတွက် ဖရဲကားတွေက နေ့တိုင်းလိုလို အချိန်ကြာမြင့်စွာရပ်စောင့်နေရတာဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်ကနေစပြီး ပန်ဆိုင်းဘက်ကနေ တရုတ်ထဲ ဝင်ရောက်နိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံး ကြိုးစားနေပါတယ်ဟု ဦးစိုးခိုင်က ဆက်ပြောသည်။

ဖရဲ၊ သခွားဈေးကောင်းရလာတာဟာ တရုတ် နိုင်ငံအရှေ့အလယ်ပိုင်းဒေသ ဒူဘိုင်းကို ဖရဲသီး တင်ပို့မှုတွေ ရှိခဲ့တာကြောင့် ဖြစ်တယ်လို့ ဖရဲကုန်သည်များက ပြောသည်။ လက်ရှိအနေအထား အရ တရုတ်နိုင်ငံဘက်မှ ဖရဲ၊ သခွားအရောင်းအဝယ်စျေးများမှာ ၈၅၅  ဖရဲ  ၄ ဒသမ ၅ ယွမ်၊ အစေ့မှည့် ဖရဲစျေးက ၈  ကျပ်မှ ၉ ဒသမ ၅ ယွမ်၊ ထျန့်ဝမ်ဖရဲစျေးက ၇ ဒသမ ၈ ယွမ်၊ ဒုံးကျဉ် ဖရဲစျေးက ၃ ဒသမ ၅ ယွမ်မှ ၄ ဒသမ ၃ ယွမ်၊ သခွားမွှေး ရွှေ ၇ ယွမ်မှ ၉ ယွမ်ထိ၊ ဝူခုံး ၃ ဒသမ ၅ ယွမ်မှ  ၅ ယွမ်ထိ အသီးသီးရရှိကြပြီး အစောပိုင်းအသီးစျေးတွေထက်   လျော့နည်းသွားခဲ့ကြောင်း သိရသည်။

သန့်ဇင်(မူဆယ်)