တရုတ်နိုင်ငံတွင် ရေကြီးမှုများကြောင့် လူ ၁၃၂ ဉီး သေဆုံး

၉ ဇူလိုင်

 

 

တရုတ်နိုင်ငံ ယန်ဇီမြစ်တစ်လျှောက်ရှိ ဒေသများတွင် မိုးသည်ထန်စွာ ရွာသွန်းမှုများကြောင့် လူပေါင်း ၁၃၀ ကျော်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားခဲ့သည်။

 

 

တရုတ်နိုင်ငံ ပြည်နယ်လေးခုတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

 

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဇူလိုင်လ ၈ ရက်အထိ လူပေါင်း ၁၃၂ ဉီးမှာ  သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် CCTV က ဖော်ပြခဲ့သည်။

 

 

ဗုဒ္ဓဟူးနေ့က ဟူဘေးပြည်နယ် ဟန်ဂေါင်မြို့တွင်လည်း မြေပြိုမှုကြောင့် အိမ်ခုနှစ်လုံးမှာ မြေအောက်တွင် နစ်မြုပ်ခဲ့ကြောင်း CCTV သတင်းဌာနက ကြေညာခဲ့သည်။

 

 

ပျောက်ဆုံးသူ ကိုးဉီးကိုလည်း မီးသတ်သမားများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း အဆိုပါ ရုပ်သံဌာနက ပြောကြားခဲ့သည်။

 

 

ဟန်ဂေါင်မြို့ရှိ ရေနစ်မြုပ်နေသော လမ်းမများကြောင့် တက္ကသိုလ် စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ၅၇၀ကျော်မှာ တည်းခိုရာ နေရာများ၌ သောင်တင်လျက်ရှိသည်။

 

 

စားမေးပွဲ ဖြေဆိုမည့် ကျောင်းသားများကို ဆောက်လုပ်ရေးသုံး စက်ယန္တရားများဖြင့် ကယ်ဆယ်ခဲ့ပြီး စာမေးပွဲဖြေဆိုရာသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဒေသန္တရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

စိုးရိမ်ရေမှတ် မရောက်ရှိလာစေရန် ဇွန်လနှောင်းပိုင်း၌ ယန်ဇီမြစ် အထက်ပိုင်းရှိ လျှိုမြှောင်သုံးသွယ်ဆည်မှ ရေများ လွှတ်ပေးခဲ့သည်။

 

 

လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများသည် နေရာအနှံ့တွင် ဖြစ်ပေါ်နိုင်သေးကြောင်း တရုတ်မိုးလေဝသ တာဝန်ရှိသူများက သတိပေးခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်