ပေကျင်း မေ ၁၂
တရုတ်နိုင်ငံသည် နိုင်ငံအတွင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအတွက် ဉာဏ်ရည်တု နည်းပညာဆိုင်ရာ အခြေခံအချက်များမှ စတင်၍ လက်တွေ့အသုံးချနိုင်သည့် နည်းပညာများအထိ အခြေခံပညာ သင်ရိုးညွှန်းတမ်းများတွင် အဆင့်မြှင့်တင်၍ သင်ကြားပေးသွားမည်ဟု သိရသည်။
ထိုသို့သင်ကြားရာ၌ မူလတန်းအဆင့်တွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အခြေခံများဖြစ်သည့် အသံနှင့် ရုပ်ပုံများအား ဉာဏ်ရည်တု နည်းပညာအသုံးပြု၍ မှတ်သားခြင်းသင်ခန်းစာ ကိုသင်ကြားမည်ဖြစ်သည်။ အလယ်တန်း အဆင့်သင်ရိုးညွှန်းတမ်းတွင် ဉာဏ်ရည်တု နည်းပညာဆိုင်ရာ သဘောတရားများအား နားလည်သဘောပေါက်စေရေးအတွက် သင်ကြားခြင်းနှင့် ဉာဏ်ရည်တုနည်းပညာ အသုံးပြု၍ သတင်းတု၊ သတင်းမှားများအား ခွဲခြားဖော်ထုတ်ခြင်းကို သင်ကြားပေးမည်ဖြစ်ကာ အထက်တန်းအဆင့်တွင် ဉာဏ်ရည်တု နည်းပညာ မော်ဒယ်သစ်များ ဖန်တီးခြင်းကို သင်ကြားပေးမည်ဖြစ်သည်။
ကျောင်းသား ကျောင်းသူများအား ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အကြောင်းအရာများကို သင်ကြားနိုင်ရန်အတွက် ဆရာများကိုလည်း ဉာဏ်ရည်တုနည်းပညာ အသုံးချ သင်ကြားခြင်းဆိုင်ရာ သင်တန်းများကိုပေးမည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ သင်ကြားပေးခြင်းဖြင့် ကျောင်းသားများတွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အသိပညာများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
သို့ရာတွင် ကျောင်းသားများအား စာမေးပွဲတွင် ဉာဏ်ရည်တုနည်းပညာအသုံးချ၍ ကူးယူ ဖြေဆိုခြင်းကို တားမြစ်မည်ဟု ၎င်းကပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ