တရုတ်နိုင်ငံတွင် စားသောက်ဆိုင် ပြိုကျမှုကြောင့် စားသောက်နေသူ ၂၉ ဦး သေဆုံး

၃၁ ဩဂုတ်

 

 

တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင် ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ ၅၀ ကျော် အပျက်အစီးများအောက်တွင် ပိတ်မိနေပြီး ၂၉ ဦး သေဆုံးခဲ့သည်။

 

 

နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ပြီးခဲ့သည့် စနေနေ့က လီဖန်မြို့တွင် စားသောက်ဆိုင် ပြိုကျမှု ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

 

 

ထိုအချိန်က စားသောက်ဆိုင်တွင် ဒေသခံများ မွေးနေ့ပွဲ ကျင်းပနေကြသည်ဟု သတင်းများအရ သိရသည်။

 

 

ဒေသန္တရ မီဒီယာက အပျက်အစီးများအောက်တွင် လူ ၅၇ ဦး ပိတ်မိနေကြောင်း ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းနှင့် အခြားသူများ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

 

 

စားသောက်ဆိုင် အဆောက်အဦ တစ်ခုလုံး ပျက်စီးသွားပုံကို ဗွီဒီယိုဖိုင်တွင် ပြသထားသည်။ မီးသတ်သမားများသည် ကယ်ဆယ်ရေး လုပ်ငန်းများကို စက်ယန္တရားကြီးများ အသုံးပြုနေသည်ကို တွေ့ရှိရသည်။

 

 

တရုတ်နိုင်ငံတွင် အဆောက်အဦ ပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယင်းသို့ပြိုကျသည့် အကြောင်းအရင်းမှာ တရားမဝင် ဆောက်လုပ်ခြင်းကြောင့် ဖြစ်သည်။

 

 

ရှန်ဇီအာဏာပိုင်များက ထိုပြိုကျမှုကို စုံစမ်းစစ်ဆေးရန် စစ်ဆေးရေးအဖွဲ့ကို ထိုနေရာသို့ စေလွှတ်မည် ဖြစ်ကြောင်း ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

 

အာဏာပိုင်များက ထိုပြည်နယ်ရှိ စားသောက်ဆိုင်များနှင့် ဟိုတယ်များကို အထူးစစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ပြီး တရားမဝင် ဆောက်လုပ်ထားသည်ကို တွေ့ရှိပါက ၎င်းအဆောက်အဦများကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း မီဒီယာက ဖော်ပြထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို