တရုတ်နိုင်ငံတစ်ဝန်း မိုးသက်မုန်တိုင်းကျရောက်နိုင်သည့်အတွက် အပြာရောင်အဆင့် သတိပေးချက်ထုတ်ပြန်

 

ပေကျင်း အောက်တိုဘာ ၄

 

တရုတ်နိုင်ငံတစ်ဝန်း နေရာဒေသ အများအပြားတွင် မိုးသက်မုန်တိုင်း ကျရောက်နိုင်သည့်အတွက် အပြာရောင်အဆင့် သတိပေးချက်ကို အောက်တိုဘာ ၃ ရက်တွင် အမျိုးသား မိုးလေဝသဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီမှ အောက်တိုဘာ ၄ ရက် မွန်းလွဲ ၂ နာရီအတွင်း စီချွမ်း၊ ချုံကင်း၊ ရှန်ရှီး၊ ဟူဘေး၊ ဟီနန်၊ ရှန်ဒုံ၊ အန်ဟွေးနှင့် ကျန်းစုစသည့် ဒေသအများအပြားတွင် မိုးသက်မုန်တိုင်း ကျရောက်နိုင်ဖွယ်ရှိကြောင်းနှင့် မိုးရေချိန် ၁၅၀ မီလီ မီတာအထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသ ဌာနက ခန့်မှန်းထားသည်။

 

ထို့ကြောင့် မြို့များ၊ လယ်များနှင့် ငါးကန်များ၏ ရေနုတ်မြောင်းစနစ်များ စစ်ဆေးခြင်းအပါအဝင် သင့်တော်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားရန် ဒေသန္တရအစိုးရများအား အဆိုပါမိုးလေဝသဌာနက အကြံပြုထားသည်။ ထို့အပြင် ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ယာဉ်မောင်းများအား သတိပေးမှု ပြုလုပ်ထားပြီး ကျောင်းများနှင့် သူငယ်တန်းကျောင်းများကိုလည်း ကျောင်းသားကျောင်းသူများ၏ ဘေးအန္တရာယ်ကင်းရေးအတွက် သင့်လျော်သည့် ပြင်ဆင်မှုများ စီမံဆောင်ရွက်ထားကြရန် တောင်းဆိုထားသည်။

 

တရုတ်နိုင်ငံတွင် မိုးလေဝသ သတိပေးချက် စနစ်အတွက် အရောင်ဖြင့် ခွဲခြားသတ်မှတ်သည့် အဆင့်လေးဆင့်ရှိပြီး အနီရောင်သည် အပြင်းထန်ဆုံး သတိပေးချက်ကို ကိုယ်စားပြုပြီး ၎င်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင် အဆင့်ဟူ၍ရှိကြောင်း သိရသည်။

 

ဆင်ဟွာ