တရုတ်နိုင်ငံထုတ် CoronaVac  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးပေါ်သုံးစွဲရန် ဘင်္ဂလားဒေ့ရှ်အတည်ပြု

ဇွန် ၇

 

ဘင်္ဂလားဒေ့ရှ် ဆေးဝါးကြီးကြပ်ရေးအဖွဲ့အစည်းသည် ဒုတိယမြောက် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်သုံးစွဲရန် ခွင့်ပြုခဲ့သည်။

 

ဆေးဝါးစီမံခန့်ခွဲရေးဦးစီးဌာန Sinovac  ကုမ္ပဏီကထုတ်လုပ်သော CoronaVac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိသည့် ပဉ္စမမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

CoronaVac  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် အခြားနိုင်ငံများစွာတွင် အရေးပေါ်အသုံးပြုခွင့် ရရှိပြီးဖြစ်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က CoronaVac ကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးပေါ် အသုံးပြုရန်စာရင်းတွင် ထည့်သွင်းထားကြောင်းကိုလည်း ထုတ်ပြန်ကြေညာထားသည်။

 

ဘင်္ဂလားဒေ့ရှ် ဆေးဝါးကြီးကြပ်ရေးအဖွဲ့အစည်းသည်  တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲရန် အစောပိုင်းက ခွင့်ပြုပြီးဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၂၈ ရက်က စတင်ပြုလုပ်ခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၁၆၇၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၈၁၀၉၉၀ ရှိသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၈ ဦး ထပ်မံသေဆုံးပြီး သေဆုံးသူ ၁၂၈၃၉ ဦးအထိ ရှိလာသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို