တရုတ်နိုင်ငံမှ ဆန်ဝယ်ယူမှု ရပ်တန့်သည်ဆိုသော သတင်းကြောင့် ဆန်အရောင်းအဝယ်အေး

မန္တလေး ၂၇ မေ

တရုတ်နိုင်ငံမှ ဆန်ဝယ်ယူမှု ရပ်တန့်သည်ဆိုသောသတင်းကြောင့် မန္တလေး ဆန်ဈေးကွက်တွင် အရောင်းအဝယ်အေးနေကြောင်း မန္တလေးမြို့ ဆန်ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်အမျိုးအစားများကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဝယ်ယူပြီး မန္တလေးမှတစ်ဆင့် မူဆယ်နယ်စပ် သို့တင်ပို့ရပြီး လက်ရှိမူဆယ် နယ်စပ်တွင် ဆန်အရောင်းအဝယ် ရပ်တန့်နေသည့်အတွက် ဈေးကွက် ရိုက်ခတ်မှုအရ မန္တလေးဆန်ဈေးကွက်တွင် အရောင်းအဝယ်ကျဆင်းနေကာ ဆန်ဈေးနှုန်းများ တည်ငြိမ်နေခြင်းဖြစ်ကြောင်း သိရသည်။

" တရုတ်ဝယ်လက်ကုန်သည်တွေလဲ အောက်ဘက်ကဆန်မဝယ်တော့ဘူး။ တရုတ်နိုင်ငံပို့တဲ့ဆန်က ပြည်တွင်း စားတဲ့ဆန်မဟုတ်ဘဲ လုပ်ငန်းသုံးဆန်ဖြစ်ပေမဲ့ ဈေးကွက်ချိတ်ဆက်မှုအရ မန္တလေးမှာလဲ အရောင်းအဝယ်အေးတယ်။ ဆန်ဈေးတော့ ထပ်မတက်နိုင်သေးပါဘူး "ဟု မန္တလေးမြို့ရှိ ဆန်ကုန်သည် ဦးသိန်းဇော်က ပြောသည်။

လက်ရှိတွင် မန္တလေးမြို့အနီး တစ်ဝိုက်ဒေသများဖြစ်သည့် မတ္တရာ၊ ရွှေဘို စသည့်ဒေသများမှလည်း နယ်ဆန်အသစ်များ ထွက်ပေါ်နေချိန်ဖြစ်ခြင်းနှင့် ရာသီဥတုပူပြင်းခြင်းတို့ကြောင့်လည်း အရောင်းအဝယ် သိသာစွာကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး ဆန်ဈေးကွက်တွင် လက်ရှိဆန်ဈေးနှုန်းများမှာ (ပွဲရုံဈေး၊ တစ်တင်းခွဲအိတ်) ရွှေဘိုဘေး ကျားပေါ်ဆန်း ဆန်တစ်အိတ်လျှင် ငွေကျပ် ၄၈၀ဝဝ၊ ၅၂၀ဝဝ၊ ရန်ကုန်ပေါ်ဆန်း ဆန်တစ်အိတ်လျှင် ငွေကျပ် ၃၈၀ဝဝ၊ ၄၄၀ဝဝ၊ မဂျမ်းတော ဆန်တစ်အိတ်လျှင် ငွေကျပ် ၄၀ဝဝဝ၊ ၄၂၀ဝဝ၊ ဧရာမင်း ဆန်တစ်အိတ်လျှင် ငွေကျပ် ၄၀ဝဝဝ၊ ၄၁၀ဝဝ၊ မြီးကောက်ဆန် တစ်အိတ်လျှင် ငွေကျပ် ၂၅၀ဝဝ၊ ၂၆၀ဝဝ၊ ကောက်ညှင်းတစ်အိတ်လျှင် ငွေကျပ် ၅၀ဝဝဝ၊ ၅၂၀ဝဝ၊ ရေကျအသွယ်ဆန်တစ်အိတ်လျှင် ငွေကျပ် ၂၁၀ဝဝ၊ ၂၂၀ဝဝ၊ အညာသားအသွယ် ဆန်တစ်အိတ်လျှင် ငွေကျပ် ၂၂၅၀ဝ၊ ၂၃၀ဝဝ၊ လမ်းသုခ ဆန်တစ်အိတ်လျှင် ငွေကျပ် ၂၀ဝဝဝ၊ ၂၁၀ဝဝ တို့ဖြစ်ကြောင်း သိရသည်။

သူရိန်လင်း