တရုတ်နိုင်ငံအလယ်ပိုင်း၌ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လူ ၁၂ ဦး သေဆုံး၊ ၃၇ ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ဇွန် ၁၄

 

သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် ယမန်နေ့မနက်ပိုင်းက ဓါတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအတွက် လုပ်နိုင်သမျှအားလုံး အစွမ်းကုန်လုပ်ဆောင်ရန် အမိန့်ပေးပြောကြားခဲ့သည်။

 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတရှီက ထိုပေါက်ကွဲမှုအတွင်း သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များကို နှစ်သိမ့်အားပေးရန်နှင့် ယင်းပေါက်ကွဲမှု ဖြစ်ပွားရခြင်းအကြောင်းကို အချိန်နှင့်တစ်ပြေးညီ စုံစမ်းစစ်ဆေးရန် အာဏာပိုင်များအား ပြောကြားခဲ့သည်။

 

ထိုပေါက်ကွဲမှုသည် ရှီယန်မြို့ရှိ ကူးသန်းရောင်းဝယ်မှုပြုလုပ်သည့် ဈေးတစ်ခုတွင် ယမန်နေ့မနက် ၆ နာရီ ၄၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

၎င်းပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

 

လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဒဏ်ရာရရှိသူများကို ကုသမှုတို့လုပ်ဆောင်နေသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို