တရုတ်နှစ်ကူးနှင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အရောင်းအဝယ်များ အေးစက်ခဲ့သော်လည်း ဈေးနှုန်းများ သိသာစွာ ကျဆင်းမှုမရှိသည့် မန္တလေးပဲဈေးကွက်

မန္တလေး ၅ ဖေဖော်ဝါရီ 

ယခုလပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် တရုတ်နှစ်သစ်ကူးနှင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် မန္တလေးပဲဈေးကွက်တွင် အရောင်းအဝယ်များ အေးစက်ခဲ့သော်လည်း ဈေးနှုန်းများအနေဖြင့် သိသာစွာ ကျဆင်းမှုမရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

ယခင်နှစ်များက ယခုရာသီတွင် တရုတ်နှစ်သစ်ကူးကြောင့် အရောင်းအဝယ်များ အေးစက်ငြိမ်သက်ကာ ဈေးနှုန်းများ ကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ တရုတ်နှစ်ကူးနှင့်အတူ တစ်ချိန်တည်းဖြစ်ပွားလာသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ပဲအမျိုးအစားများ အရောင်းအဝယ် အေးစက်ခဲ့သော်လည်း ဆီထွက်သီးနှံ နှမ်းမှလွဲ၍ ကျန်ပဲအမျိုးအစား ဈေးနှုန်းများမှာ နှစ်ကူးမတိုင်ခင် ပေါက်ဈေးများအတိုင်း ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။

“၂၀၂၀ ဇန်နဝါရီအတွင်းမှာ တရုတ်နှစ်ကူးနဲ့အတူ ဒီဗိုင်းရပ်စ်ရောဂါပိုးက ကမ္ဘာအနှံ့အပြားကို ခြိမ်းခြောက်လာတဲ့အတွက် မြန်မာပြည်မှာလည်း သက်ရောက်မှုတွေ ရှိလာတယ်။ အဓိကအနေနဲ့ ကျွန်တော်တို့ အားထားရောင်းချရတဲ့ တရုတ်ဈေးကွက်က ရပ်တန့်သွားခဲ့တယ်။ ဒါပေမယ့် အဆိုးထဲက အကောင်းဆိုသလို မန္တလေးဈေးကွက်ရဲ့ အရောင်းအဝယ်က ရပ်တန့်မသွားဘဲ နေ့စဉ်ပုံမှန် တရုတ်ဝယ်လက်တွေက ဈေးကွက်ဖွင့်ရင် အဆင်သင့်ဖြစ်အောင် လက်ရှိပေါက်ဈေးနဲ့ ဝယ်ယူမှုတွေ ရှိနေတယ်။ နှမ်းကတော့ ဒီဂယက်ကြောင့် သုံးတင်းဝင် တစ်အိတ်ကို ကျပ်တစ်သောင်းလောက် ကျဆင်းသွားပြီး ပဲတီးစိမ်း၊ မြေပဲလုံးဆန်၊ မြေထောက်ပဲတွေကတော့ နှစ်ကူးမတိုင်ခင်က ပေါက်ဈေးအတိုင်းပဲ အရောင်းအဝယ် ဖြစ်နေကြတယ်။ ဒါပေမယ့် အိန္ဒိယပို့ကုန်ဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံတွေကတော့ ဒီကာလမှာ မဆီမဆိုင် သုံးတင်းဝင်တစ်အိတ်ကို တစ်သောင်းဝန်းကျင်လောက် ဈေးတွေကျဆင်းလာတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးပဲဈေးကွက်တွင် လက်ရှိကာလ၌ အရောင်းအဝယ်ဖြစ်နေသည့် ပဲဈေးနှုန်းများအနေဖြင့် ပဲတီစိမ်း(ခရမ်းရွှေဝါ)မှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၈၀၀၀ ဖြင့်လည်းကောင်း၊ ပဲတီစိမ်း(အညာရွှေဝါ)မှာ ကျပ် ၁၀၇၀၀၀ ဖြင့်လည်းကောင်း၊ နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၆၀၀၀ ဖြင့်လည်းကောင်း၊ နှမ်းနက်မှာ ကျပ် ၂၁၅၀၀၀ ဖြင့်လည်းကောင်း၊ မြေပဲ(လုံးဆန်)မှာ တစ်ပိဿာလျှင် ကျပ် ၃၁၀၀ ဖြင့်လည်းကောင်း၊ မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၈၀၀၀ ဖြင့်လည်းကောင်း၊ မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ၉၈၀၀၀ ဖြင့်လည်းကောင်း၊ ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၅၆၀၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ရှိနေကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)