တရားမဝင် သစ်မျိုးစုံ၊ ရေနံထွက်ပစ္စည်း၊ စားသောက်ကုန်၊ စားသောက်ဆိုင် လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ကား အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၁ ရက်တွင်  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၌ ဌာနဆိုင်ရာအဖွဲ့စုံဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတိုသံစ (အဟောင်း) များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ကား အပိုပစ္စည်းများနှင့် ဟော့ပေါ့ဆိုင်သုံး ပစ္စည်းအမျိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၅၈၇,၄၉၇)၊ Wheel Loader လုပ်ငန်းသုံး ယာဉ်အဟောင်းတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso အမျိုးအစား (၁၂) ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၀၈၇,၄၉၇) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ စစ်ကိုင်းတိုင်း‌‌ဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကန့်ဘလူမြို့နယ်အတွင်း တရားမဝင် ရေနံချေး (၇၀၀၀) ပိဿာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၁၀၀,၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တရားမဝင် ဂျုံမှုန့်အိတ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၃၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၄၀၀,၀၀၀) အား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မေ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုင်း‌ဒေသကြီး သစ်တောဦးစီးဌာန ဦး‌ဆောင်သော ပူးပေါင်းစစ်ဆေး‌ရေး အဖွဲ့များက တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ ပျဉ်းကတိုးသစ်ခွဲသား၊ ဒွနီသစ်ခွဲသားနှင့် ကညင်သစ်ခွဲသားများ (၃၈ ဒသမ ၁၈၅၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၃၉၇,၃၁၈) ကို သစ်တောဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက ဒိုက်ဦး - စစ်တောင်းကားလမ်း (ဗျူဟာလမ်း) မိုင်တိုင်အမှတ် (၇/၀) ၌  TOYOTA အမျိုးအစား Mjar နှင့် RACITS (လိုင်စင်မဲ့) မော်တော်ကား နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၅၀၀,၀၀၀) ကို  ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈,၈၉၇,၃၁၈) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၃၈၄,၈၁၅) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

 

သတင်းစဉ်