တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ သြဂုတ် ၈

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က ရန်ကုန် - ဘားအံ - မြဝတီ ကုန်သွယ်မှုလမ်းမကြီး တစ်လျှောက် အခွန်ပေးဆောင်ထားသည့် ကုန်ပစ္စည်းများထက် ပိုမိုတင်ဆောင်လာကြောင်း သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ်၊ ရဲမွန်ရွာနှင့် ညောင်တစ်ခြမ်း ကျေးရွာကြားတွင် ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော လူသုံးကုန် ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၀၃၄,၃၂၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi (၁၂) ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၀၃၄,၃၂၀ )ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် ၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်ခရိုင် မှုခင်းနှိမ်နှင်းရေး ဌာနဦးစီးသော ပူးပေါင်းအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့နယ်၊ ထိန်သစ်ရပ်ကွက် ၊ အခွန်လွတ်စျေးတွင် အကောက်ခွန်မဲ့ SINGER ဘီယာ (၉၅) ကဒ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၇၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် (၅) ရက်နှင့် (၇) ရက် နေ့များတွင် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က တမူးမြို့နယ်၊ ရေနန်းရွာ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တရားမဝင် အင်သစ်ခွဲသား (၁ ဒသမ ၀၆၅၂) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၉,၇၈၀) နှင့် ကလေးဝ - ရေဦးသွားကားလမ်း မိုင်တိုင်အမှတ် (၁၀၀/၁) တွင် တရားမဝင် အင်သစ်ခွဲသား (၇ ဒသမ ၆၇၇၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၅၁,၅၈၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ သြဂုတ် ၇ ရက်တွင် စစ်ကိုင်းမြို့၊ တ‌ကောင်းရပ်ကွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေး ပူးပေါင်းစစ်‌ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က Honda Fit အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၈၁၁,၃၆၀ ) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် သြဂုတ် ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် - မန္တလေးလမ်းဟောင်း ထုံးဘိုတိုးဂိတ်အနီး၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၁,၆၈၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသော Canter အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၆၈၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

အလားတူ သြဂုတ် ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်‌တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၁၅ ဒသမ ၃၁၉၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၅၃,၃၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ သြဂုတ် ၅ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁,၁၅၄,၀၄၀ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်