နေပြည်တော်၊ ဧပြီ ၂၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ် စစ်ဆေးရေးဂိတ်၌ မိတ္ထီလာမြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၁၀၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Starex Van (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရတနာပုံတံတား(မန္တလေး) စစ်ဆေးရေးဂိတ်၌ မော်တော် ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်း(၁၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၉၇၀,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ စက်မှုဇုန်ထုတ် Bagan Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း(၂၉)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅,၀၄၁,၈၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပလိပ်မြို့၊ Denko ဆီဆိုင်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၁၄၇,၃၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၆၅)မိုင် တိုးဂိတ်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၂၈၉,၅၇၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကျောက်ဆည်မြို့အထွက်၊ Pectro Net ဆီဆိုင်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၁၃၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၂,၆၈၄,၄၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (၁ ဒသမ ၃၁၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၇၇၇)ကို သစ်တောဥပဒေ အရလည်းကောင်း၊ပခုက္ကူမြို့နယ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၀၇၁,၇၇၇)ကို ဖမ်းဆီး အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော်လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း (၄၄)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၅၀၈,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိပါသည်။

 

အလားတူ ဧပြီ ၂၅ ရက်တွင် နေပြည်တော်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်၊ ဥတ္တရခရိုင်နှင့် ပျဉ်းမနား ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁.၉၈၅)တန်၊ အခြားသစ် (၁၂.၄၅၇)တန်၊ မီးသွေး (၆ ဒသမ ၄)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၀၈,၉၈၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် (၁၁ ဒသမ ၀၁၀)တန်၊ သစ်သားကိုယ်ထည်စက်လှေ(၁)စီးနှင့် ဆက်စပ်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၉၇,၈၆၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ တရားမဝင် ငါးဖမ်းရာတွင် အသုံးပြုသည့် သစ်သားကိုယ်ထည် စက်လှေ (၃)စီးနှင့် ဆက်စပ်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၀၀,၀၀၀)ကို မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁,၇၉၇,၈၆၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁,၉၈၅,၄၃၂)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ဆက်လက်၍ ဧပြီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် (၄)စီး၊ လိုင်စင်မဲ့သုံးဘီး မော်တော် ဆိုင်ကယ်(၁)စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဧပြီ ၂၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဘားအံ-သာမည ကားလမ်းအနီး၌ လှည့်လည်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်‌တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၃၈,၄၅၇,၀၂၁)ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများ ကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)