တရားမဝင် သစ်မျိုးစုံ၊  လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၂၅ ရက်တွင်  လားရှိုးခရိုင်တရားမဝင်ကုန်ပစ္စည်းတားဆီးကာကွယ်ရေး (Mobile-Team) အဖွဲ့က တာချီလိတ်မြို့မှ မိုင်းတုံမြို့သို့  သွားရောက်မည့် မော်တော် ယာဉ်(၁)စီး ပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အေးခဲဝက်သားချဉ် (၃)ကီလိုဂရမ် အပါအဝင်  အေးခဲအသား (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၈,၀၀၀) ကိုလည်းကောင်း၊ မတ် ၂၇ ရက်တွင် မူဆယ်ခရိုင် တရားမဝင်ကုန်စည်တားဆီးထိန်းချုပ်ရေးအဖွဲ့က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၄)လမ်းအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရပ်တန့်ထားသော မော်တော်ယာဉ် (၁)စီးအား ရှောင်တခင် သွားရောက်စိစစ်၍ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ရုံး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၇၃၉,၉၅၀)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ ထောက်ခံချက်မ ပါရှိသော တရုတ်နိုင်ငံထုတ် စားသောက်ကုန် ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၉၇၁,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Faw Truck အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈,၃၉၈,၉၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ် ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်၌  သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော လျှပ်စစ်ထမင်းပေါင်းအိုး အလုံး (၂၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၃၆၀,၉၈၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် (၂၂)ဘီး ကုန်တင်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃,၃၆၀,၉၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

ထို့ပြင်  ရခိုင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်အသီးသီးအလိုက် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၆၈ ဒသမ ၃၈၉၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၄၈၁,၀၇၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

သို့ဖြစ်ပါ၍ မတ်  ၂၅ ရက်နှင့် ၂၇  ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀,၂၄၁,၀၀၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်