တရားမဝင် သစ်မျိုးစုံ၊  ဆောက်လုပ်ရေးသုံးပစ္စည်း၊ ကျောက်စိမ်းအရိုင်းတုံး၊ စက်သုံးဆီနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၈ ရက်တွင်  ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား(၀ ဒသမ ၈၉၇၂)တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၉၂,၁၅၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဘုရားကြီးမြို့အတွင်း HONDA FIT အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဇူလိုင် ၁ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရား မဝင် ကျွန်းသစ်နှင့် သစ်မာခွဲသား (၂၂ ဒသမ ၂၁၁၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉,၀၂၆,၆၇၂) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၂၆,၆၇၂)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ဇွန် ၃၀ ၇က်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်မြို့၊ မြန်မာ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း (သီလဝါ) ကုန်သေတ္တာစစ်‌ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကိုက်ညီမှန်ကန်မှုရှိသော်လည်း လိုင်စင်ခွင့်ပြု ချက်မရမီ ကုန်ပစ္စည်းရောက်ရှိသည့်ရက် (၇၁)ရက် ဖြစ်ပေါ်နေကြောင်း စိစစ်တွေ့ရှိရသည့် ကြွေပြားချပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃,၇၁၅,၀၂၀)ကို လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာ ထားခြင်းမရှိသော လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၅,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၄၉၀,၀၂၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အ‌‌ရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ဇွန် ၃၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီကုန်သွယ်ရေးဇုန်၌ ဌာနဆိုင်ရာ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် သံဆူးကြိုးခွေ (၅၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဇူလိုင် ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း X-TRAIL အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ကလေးမြို့နယ် အတွင်း တရားမဝင်  စက်သုံးဆီ (၂၈)ဂါလန်၊ (၃) လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၉,၂၀၀)ကို  ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရေ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၃၅၉,၂၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

ယင်းအပြင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦး‌ဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖားကန့်မြို့နယ်၊ လယ်ပြင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံးခင်းကျေးရွာဘက်မှ နန့်ယားကျေးရွာဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်၌ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး ကီလိုဂရမ်(၁၁၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇွန် ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ ရက်နှင့် ဇူလိုင်လ ၁ ရက်နေ့များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၁၂၂,၀၄၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)