တရားမဝင် သစ်မျိုးစုံ၊ စားသုံးဆီ၊ စက်သုံးဆီ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့သစ်၊ ကျောက်ဖျာကျေးရွာ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အဝတ်လျှော်ဆပ်ပြာမှုန့်ထုပ် (၈၇၅) ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ ထပ်မံ၍ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့နယ်၊ ဆင်ဆိပ်ရပ်ကွက်၊ ကတ္တရာကွင်း၌ မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားမဝင် သယ်‌ဆောင်လာသော ဘီယာ/အရက်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Fuso အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကို ယစ်မျိုးဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၅၆၀,၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ နိုဝင်ဘာ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေး‌ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ်၊ မင်းဘူး- စကုကားလမ်း၌ တရားမဝင် စက်သုံးဆီဂါလန် (၂,၇၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၁၀၈,၀၀၀) နှင့် အဆိုပါစက်သုံးဆီများ သယ်ဆောင်လာသည့် Fuso အမျိုးအစား ဆီဘောက်ဆာယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၁၀၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

 

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီ - ဘားအံ - ရန်ကုန်ကားလမ်း၊ အမှတ် (၂) လမ်းမကြီး၊ လေးဒေါင့်ကန် ကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Particle Board / Hard Board / Formica ကီလိုဂရမ် (၁၂,၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၈၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chenglong (Tractor Head) တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃,၇၈၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

 

ထို့အပြင် နိုဝင်ဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် စက်ဘီး (အဟောင်း) များ၊ ဓာတုကုန်ကြမ်းပစ္စည်းများ၊ အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် (၂) စီးနှင့် နောက်တွဲယာဉ်တစ်တွဲ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇,၄၈၁,၉၄၅) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

 

 

ထို့အပြင် မွန်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ပွဲရုံတန်းများအတွင်း တရားဝင်တင်သွင်းခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီ (၁၇,၄၃၄) လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၀၈၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် နိုဝင်ဘာ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အင်းတော်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူပင် နေပြည်တော်ကောင်စီနယ်မြေ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ (၃.၁၈၇၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇,၈၄၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

 

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းနှင့် ခရေပင်လမ်းထောင့် မီးပွိုင့်အနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင်ကျွန်းပါကေး (အကြမ်းတုံး) (၁ ဒသမ ၄၃၃၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅,၉၁၂) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Voxy အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)၊ စုစု‌ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၉၄၅,၉၁၂)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

 

အလားတူ နိုဝင်ဘာ ၃၀ ရက်တွင် ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တောင်ကြီးမြို့၊ (၄) မိုင် သစ်တောပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီနှင့် အသင့်စား ခေါက်ဆွဲခြောက် ထုပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦး‌ဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၂၀.၆၃၄၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၉၈,၈၇၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၇ ရက်၊ ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၆) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃,၆၇၇,၅၈၁) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်