တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ 

နေပြည်တော်၊ ဇွန် ၂၇

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲမှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID နှင့် ကိုက်ညီမှုမရှိသော မီးဖိုချောင်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၄၅,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စုအတွင်း FDA မှ IR ထုတ်ပေးထားခြင်း မရှိသောဆေးဝါးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့အတူ ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၆ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ ခရီးသည်ဝန်စည်နှင့် ရောနှောတင်ဆောင်လာသော စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၈၀,၀၀၀) ကို လည်းကောင်း၊ ဇွန် ၂၇ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော သန့်စင်ခန်းသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၈၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အပြင် ကချင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာရှိ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ ဖားကန့်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ ဘိလပ်မြေအိတ်ခွံများဖြင့် ထည့်သွင်းထားသော ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် (၂၄၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ယင်းအပြင် ဇွန် ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်‌ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟုမ္မလင်းမြို့နယ်အတွင်း Toyota IPSUM အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)နှင့် စစ်ကိုင်းမြို့နယ် အတွင်း MARK II အမျိုးအစား လိုင်စင်မဲ့မော်‌တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။ 

 

mdn

 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ မျောက်ငိုခွဲသားနှင့် ပျဉ်းကတိုးခွဲသား (၇ ဒသမ ၈၇၉၂) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၄၅,၀၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  ဇွန် ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၆၇၀,၀၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်