တရားမဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

 

နေပြည်တော် ဇန်နဝါရီ ၂၉

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က သတင်းအရ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပိတောက်လမ်းနှင့် အောင်သပြေလမ်းထောင့်ရှိ သိုလှောင်ရုံအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သိုလှောင်ရုံအတွင်းမှ တင်သွင်းခွင့်ဆိုင်ရာ အထောက်အထားများ တင်ပြနိုင်ခြင်းမရှိသော နိုင်ငံခြား အရက်နှင့် ဝိုင်မျိုးစုံ (၂၃) မျိုး (၁၁၄၆) ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၉၀၅,၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) ၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော Iron Spring (၁၀၀၀၀) ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၃၀၀,၀၀၀)ကိုလည်းကောင်း၊ ထီးတန်းဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော LED Soft Light Band (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၈၀၀,၀၀၀) ကို လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်းကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသော Uninterruptible Power Supply ငါးလုံးအပါအဝင် ကုန်ပစ္စည်း (၁၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၈၈၂,၃၁၀)၊ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ထီး(၄၅၀၀) ချောင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀) နှင့် သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော Power Sparyer Pump (၁၀၀) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော HALF SECTION BEARING အပါအဝင်ကုန်ပစ္စည်း (၁၉) မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၈၈,၂၀၀) နှင့် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသော VINYL CURTAINS လေးခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ,၄၃၉,၇၆၆) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၀၁၀,၂၇၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ ဇန်နဝါရီ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့က မြဝတီ - ဘားအံ - ရန်ကုန် လမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော Charging Cable  များနှင့်  Phone Stand များ အပါအဝင် ကုန်ပစ္စည်း (၆) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၁၁၄,၆၃၁)၊ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့်အပြင် FDA ထောက်ခံချက်မပါရှိသော Xian JiaLi တံဆိပ်ပါ Shampoo (၆၀၀) ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော MAN Tractor Head အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၁၁၄,၆၃၁) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

သို့ဖြစ်ပါ၍ ဇန်နဝါရီ  ၂၄  ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၄,၀၃၀,၇၀၇) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်