နေပြည်တော် ၊ ၂၁ ဒီဇင်ဘာ
တရားလွှတ်တော်ရှေ့နေ အသိအမှတ် ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ရုံးခန်းအမှတ်(၂)၌ ပထမအကြိမ်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ (၁၆၄)ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသွားအလာကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဤကိစ္စအလို့ငှာ အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်သည့် အချိန်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပေးအပ်သည့် အခမ်းအနားများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


