နေပြည်တော် မေ ‌၂၆

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၃၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်စိုးလင်းနှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

 

ဦးစွာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင် များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်ကာ သတ်မှတ်နေရာများတွင် နေရာယူကြပြီး မြန်မာ့ဆိုင်း တူရိယာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ ဘာသာရပ်ဆိုင်ရာဌာနမှူးများက ဘွဲ့ယူမည့်သူများအား ဘွဲ့အပ်နှင်းပေးရန် ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုပါရဂူဘွဲ့၊ ပါရဂူဘွဲ့ (ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ)၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးကြပ်မတ်သူနာပြုစုမှု မဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ (ဓာတ်ခွဲနည်းပညာ)၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ (ဓာတ်မှန် နှင့် ပုံရိပ်ဖော်နည်းပညာ)၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ (ခန္ဓာသန်စွမ်းမှုနည်းပညာ)၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ၊ ခွဲစိတ်ခန်း သူနာပြုစုမှုဒီပလိုမာနှင့် နှလုံးရောဂါအထူးပြု သူနာပြုစုမှုဒီပလိုမာရရှိသူတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင် အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

 

ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

သတင်းစဉ်